သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အထွက်နှုန်းကောင်းသောအိန္ဒိယမျိုးစပါးကို ရခိုင်ကမြို့နယ်နှစ်ခုတွင်စမ်းသပ်စိုက်ပျိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

သဥ္ဇာနွယ်

နိရဥ္စရာ၊ စက်တင်ဘာ ၁၅ / ၂၀၂၁

အထွက်နှုန်းကောင်းသော အိန္ဒိယမျိုးစပါးကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၂ ခုတွင် စမ်းသပ်စိုက်ပျိုးနေကြောင်း သတင်းရရှိသည်။

စမ်းသပ်စိုက်ပျိုးနေသည့် မြို့နယ်များမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာနှင့် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာတို့တွင် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ စမ်းသပ်စိုက်ပျိုးနေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစပါးမျိုးစေ့သည် အိန္ဒိယမူရင်းမျိုးစေ့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီတစ်ခုမှရရှိခြင်းဖြစ်ကာ သာမန်စပါးထက် အထွက်နှုန်း ၃ဝ ရာခိုင်နှုန်းများသလို တစ်မိုးတွင် နှစ်သီးအထိ စိုက်ပျိုးနိုင်သည်ဟုလည်း မျိုးစေ့များထောက်ပံ့ပေးထားသည့် စစ်တွေမှ ရွှေပြည့်ဖြိုး ဆန်စက်ပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

ဒီအိန္ဒိယမျိုးစေ့စပါးက ကျနော်တို့ အခုဒေသ စပါးတွေနဲ့မတူဘဲ တစ်မိုးမှာ ၂ သီးစိုက်လို့ရတယ်။ သာမန်စပါးတွေဆိုရင် ဒီဇင်ဘာလမှာ ရိတ်ရတယ်။ ပြီးတော့ မြေကြီးက မာသွားတယ်။ တစ်နှစ်မှာ တစ်ခါလောက်ပဲ စိုက်လို့ရတယ်။ နောက်တစ်ခုက သူများတွေနဲ့ စပါးတူတူထွက်တဲ့အခါ စပါးရိတ်ဖို့အတွက် တံစဉ်းကိုမလုံလောက်တဲ့အတွက် တချို့ဆိုရင် အပင်တွေ လောင်ကျွမ်းပြီးမှ ရိတ်ရတယ်။ ပြီးတော့ လုပ်ငန်းတွေက ပြိုင်တူလုပ်ရတော့ လုပ်သားတွေလည်းရှားပါးတဲ့ အခက်ခဲကြုံရတယ်။ ဒီစပါးကျတော့ ၉ လပိုင်းဆိုတာနဲ့ စပါးကမှည့်နေပါပြီ။ ရိတ်လိုက်တဲ့အခါကျတော့ မြေကအစိုဓာတ်ရှိပါတယ်။ ၂ သီးစိုက်တဲ့အနေထားကိုရောက်သွားတော့ လယ်သမားတွေအတွက် ကောင်းကျိုးရှိတာပေါ့ဟု ပြောသည်။

ယခုမျိုးစေ့ကို ဇွန်လခန့်တွင် စိုက်ပျိုးလျှင် စက်တင်ဘာလတွင် ထွက်ရှိသည်ဟုဆိုသည်။

တစ်မိုးတွင် ၂ သီးအထိ စိုက်ပျိုးနိုင်သည့်အတွက် ရခိုင်ပြည်နယ် ရာသီဥတု၊ စိုက်ပျိုးမြေနှင့်ကိုက်ညီမှု ရှိ/မရှိ သိလို၍ ယခုကဲ့သို့ စမ်းသပ် စိုက်ပျိုးနေခြင်းဖြစ်သည်ဟုလည်း ဦးသန်းဝင်းက ပြောသည်။

အဆိုပါစပါးမျိုးစေ့များကိုစိုက်ပျိုးနိုင်ရန် ဦးသန်းဝင်းက ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာနှင့် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာတို့မှ လယ်သမားအချို့ကို ဓာတ်မြေသြဇာများနှင့်အတူ ထောက်ပံ့ပေးထားသည်ဟု သိရသည်။

မျိုးစေ့စပါးစမ်းသပ်စိုက်ပျိုးနေသည့် မြောက်ဦးမြို့နယ် ဓညဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးမောင်သိန်းလှက ဒီစပါးမျိုးစေ့က ကျနော်တို့ဒေသကထွက်တဲ့စပါးထက် မျိုးသန့်တယ်။ အလုံးအကြီးတယ်။ အရောအနှောတွေမပါဘူး။ အရည်အသွေးကောင်းတယ်။ ကျနော်တို့ဒေသထွက်စပါးက အရောအနှောတွေပါတော့ မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးသွားတာတွေရှိတော့ အထွက်နှုန်းတွေ တော်တော်ကျတယ်။ ဒီ အိန္ဒိယ စပါးမျိုးစေ့တွေ အများအပြားစိုက်ပျိုးနိုင်ရင် ကျနော်တို့လယ်သမားတွေအပြင် စားသုံးသူတွေအတွက်လည်း အများကြီးကောင်းသွားမှာပါ။ဟု ပြောသည်။

ယခုစမ်းသပ်စိုက်ပျိုးမှုအောင်မြင်ပါက အခြားမြို့နယ်များမှ လယ်သမားများကိုလည်း မျိုးစေ့များကို ချပြသွားမည့်အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

ဓာတ်ပုံ - စမ်းသပ်စိုက်ပျိုးထားသည့် အိန္ဒိယမျိုးစေ့စပါးပင်များအားတွေ့ရစဉ်။

Photo - ကိုသန်းဝင်း

ဆက်စပ် သတင်းများ