သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ယခုနှစ်မျိုးစပါးစိုက်ဧက ယခင်နှစ်ကထက်ပိုစိုက်ပျိုးနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 415

ပြည်စိုးလူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၂/၂၀၂၁
ရခိုင်တွင် ယခုနှစ်အတွင်း သီးနှံအထွက်တိုးသည့် မျိုးသန့် မျိုးစပါးဧက ၁,၇၄၆ ဧကအထိ စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ကထက် မျိုးစပါးစိုက်ဧက တိုးတက်လာသည်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးနိုင်ခဲ့သည့် မျိုးစပါး အမျိုးအစားများမှာ ပေါ်ဆန်းရင်၊ ဆင်းသွယ်လတ်၊ ရက် ၉၀ စပါးမျိုး၊ ဆားငန်ခံ ဆင်းသွယ်လတ်စသည်တို့ဖြစ်သည်။
ရခိုင်တွင် စပါးစိုက်ပျိုးနိုင်သည့် လယ်မြေဧက ၁၀ သိန်းကျော်ရှိသည့်အနက် လက်ရှိစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အလွန်တရာနည်းပါးနေသေးသည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းမြင့်က ပြောသည်။
“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဧက ၁ဝ သိန်းကျော်ရှိတဲ့အတွက် ဒါတွေဟာ မျိုးသန့်ထုတ်လုပ်မှုပိုင်းမှာ အလွန့်အလွန်ကိုနည်းပါးနေတာကို ကျနော်တို့တွေ့ရတယ်။ ဒါကြောင့် တောင်သူတစ်ဦးချင်းဖြစ်ဖြစ်၊ အဖွဲ့အစည်းနဲ့ဖြစ်ဖြစ် ဒီထက်စိုက်ပျိုးနိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
မြောက်ဦးမြို့နယ်ရှိ ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်းမှ ပေါ်ဆန်းရင်အမည်ရှိ မျိုးစပါးကိုယူ၍ စမ်းသပ်စိုက်ပျိုးနေသည့် မြောက်ဦးမြို့နယ် ရွှေကျင်ပြင်ကျေးရွာမှ တောင်သူ ဦးကျော်တင်ကလည်း ၄င်းတို့စိုက်ပျိုးနေသည့်မျိုးစပါးသည် အလွန်အထွက်နှုန်းကောင်းသည့်အပြင် သာမန်မျိုးစပါးထက်အားသာချက်များရှိသည့်အတွက် အခြားလယ်သမားများကို စိုက်ပျိုးစေလိုသည်ဟု ပြောသည်။
“ဒီစပါးတွေက တအားအထွက်နှုန်းလည်းကောင်းတယ်။ မျိုးလည်းသန့်တယ်ဆိုတော့ ဆန်တွေလည်းတအားရတယ်။ ဒါကြောင့် ဒီစပါးတွေကိုနောက်လယ်သမားတွေကိုလည်းစိုက်စေချင်တယ်”ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့်နှစ်က သီးနှံအထွက်တိုးသည့် မျိုးစပါးဧက ၁,၃၅၅ ဧကအထိသာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင် စစ်ဘေးရှောင်အများအပြားသည် မိမိနေရပ်သို့ပြန်လည်အခြေချလုပ်ကိုင်လာနိုင်ခဲ့သည့်အတွက် ယခင်နှစ်ကထက် မျိုးစပါးစိုက်ပျိုးနိုင်မှုထိုးတက်သွားခြင်းဖြစ်သည်။
တစ်ဘက်တွင်လည်း ရခိုင်တွင် ပြီးခဲ့သည့်စပါးစိုက်ရာသီ၌ မြေသြဇာစျေးနှုန်းမြင့်တက်ခဲ့မှုကြောင့် လယ်သမားများတွင် မြေသြဇာအလုံအလာက်မသုံးစွဲနိုင်ခဲ့၍ ယခုနှစ် စပါးအထွက်နှုန်းကျဆင်းမည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းထားသည်။


ဆက်စပ် သတင်းများ