သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် မူဆလင်လယ်သမားနှစ်ဦး၏ စပါးကောက်လှိုင်း ၇ဝဝခန့် မီးလောင်မှု စုံစမ်းစစ်ဆေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂/ ၂ဝ၂၁ါ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းအုပ်စု ကန္ဒရွာ(ကင်းဒါး) မူဆလင်ကျေးရွာတွင် လယ်သမားနှစ်ဦးပိုင် စပါးကောက်လှိုင်း ၇၀၀ ခန့် မီးလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေကြောင်း ဦးဇော်မလ်အူဆောင်း ကနိရဥ္စရာသတင်းဌာနကို ပြောသည်။
“ ရဲလည်းမေးတယ်။ စရဖကလည်း ကလည်းမေးတယ်။ အင်တာနက်မှာ တက်သွားတော့ အကုန်လုံးက လာမေးနေတော့ ကျွန်တော်တစ်ညလုံး မအိပ်နိုင်ဘူး။ ဖြစ်သွားတာကို မမြင်ဘဲ တစ်ယောက်ကိုမှ အပြစ်ချပစ်လို့မရဘူး။ အခု ရှို့မီးဟုတ် မဟုတ် စုံစမ်း စစ်ဆေးနေတယ်” ဟု သူကပြောသည်။
စပါးကောက်လှိုင်းပုံ နှစ်ပုံ တစ်ပြိုင်တည်းမီးလောင်သဖြင့် ရှို့မီးဟု ယူဆရကြောင်း၊ ယခုလုပ်ရပ်မှာ လူမဆန်သည့် လုပ်ရပ်ဖြစ်ပြီး တိရစ္ဆာန်လို လူများကပဲ လုပ်တာဖြစ်နိုင်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီခန့်က လယ်ကွင်းတွင် အလုပ် လုပ်နေသူများ ထမင်းစားရန် ပြန်ချိန်တွင် မူဆလင် လယ်သမားနှစ်ဦး၏ စပါး ကောက်လိုင်းအစည်း ၇ဝဝ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ထိုသို့ မီးလောင်မှုကြောင့် ကန္ဒားရွာနှင့် ကံပြင်ကျေးရွာအနီး ၁ ဖာလုံအကွာရှိ ပိုင်ရှင် ဦးမာမောက်၏ စပါးကောက်လှိုင်း ၃ဝဝ နှင့် ဦးမူဂျီရင်မား ၏ စပါး ကောက်လှိုင်း ၄ဝဝ တို့ မီးလောင် ပျက်စီး သွားခဲ့သည်ဟု ကန္ဒရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မလ်အူဆောင်း က နိရဥ္စရာကို ဆက်လက် ပြောဆိုသည်။
ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကလည်း စပါးမီးလောင်မှု ပမာဏမှာ များပြားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း ပြောဆိုသည်။
“ မီးရှို့ခံရတယ်ဆိုတာထက် မီးလောင်မှု ဖြစ်တယ်လို့ပဲ သိထားတယ်။ ရဲတပ်ဖွဲ့ဝင်တွေစုံစမ်းနေတယ်။ မီးလောင်တာအများကြီးလို့သိရတယ်” ဟု ၎င်းက ပြောသည်။
မီးလောင်မှုကို ငြိမ်းသတ်နိုင်ခဲ့ပြီးနောက် ဦးမာမောက်တွင် စပါးစည်း ၄ဝဝ မှ အစည်း ၁ဝဝ ခန့်နှင့် ဦးမူဂျီရင်မားတွင် စပါးစည်း ၅ဝဝမှ ၁ဝဝ ခန့်သာ ကျန်ရှိခဲ့ကြောင်း သိရသည်။
ကံပြင်ကျေးရွာသားတစ်ဦးကလည်း ၄င်းတို့ကျေးရွာမှ ကောက်လှိုင်းများ မီးလောင်မှုကို မြင်တွေ့ခဲ့ရပြီး လက်ရှိတွင် အနီးဝန်းကျင်ရှိ ရွာသားများအကြား ပြဿနာများဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်ဟု ပြောဆိုသည်။
အလားတူ လွန်ခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်တွင် လယ်သမား ၃ ဦးပိုင်ဆင်သည့် လယ် ၅ ဧကမှထွက်ရှိသည့်စပါးပုံ ၃ ပုံနှင့် ဒီဇင်ဘာ ၁ဝ ရက်နေ့က မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအနီးမှ စပါးရိတ်စက်၂ လုံးတို့ မီးရှို့ခံခဲ့ရပြီး ကျူးလွန်သူမျာကို ယနေ့အထိ စုံစမ်း ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ