သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်ဖြူတွင်ရေချိုပုစွန်သားဖောက်မှုစမ်းသပ်အောင်မြင်၍ တစ်နှစ်ပတ်လုံး ပုစွန်မွေးမြူထုတ်လုပ်နိုင်တော့မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာလ ၂၁/၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ငါးလုပ်ငန်းဦးစီးဌာနရှိ ရေငန်ပုစွန်သားဖောက်စခန်းတွင် ရခိုင်ရေချိုပုစွန်မျိုးစိတ်ကို သားဖောက်စမ်းသပ်မှုအောင်မြင်နေပြီး ၁ နှစ်ပတ်လုံး ပုစွန်မွေးမြူထုတ်လုပ်နိုင်တော့မည်ဟု သတင်းရရှိသည်။
အဆိုပါရေငန်ပုစွန်သားဖောက်စခန်းတွင် ရေချိုပုစွန်သားဖောက်စမ်းသပ်မှုကို ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်ဇွန်လတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လတွင် အောင်မြင်ခဲ့သည်ဟု စခန်းတာဝန်ခံ ဦးရွှေကျော်အောင်က နိရဥ္စရာသို့ပြောသည်။
"ကျွန်တော်တို့စခန်းက ရေငန်စခန်း။ ဗမာပြည်ဘက်မှာက သူများတွေဖောက်နိုင်နေကြပြီ။ ကျွန်တော်တို့ဘက်မှာက ရေငန်ပုစွန်မွေးမြူရေးတစ်ခုပဲရှိတဲ့အတွက် စမ်းဖောက်ကြည့်မယ်ပေါ့။ ပြည်တွင်းမျိုးတွေရှားပါးလာတော့ ထိုင်းကနေသားပေါက်တွေတင်သွင်းပြီးတော့ မွေးတဲ့အဆင့်ဖြစ်နေတော့ မျိုးတွေရောနေတာပေါ့။ ကျွန်တော်တို့ရခိုင်မှာတော့ မျိုးသန့်နေသေးတဲ့အတွက် မျိုးထိန်းတဲ့အနေနဲ့ရော၊ ဒေသအတွက်မျိုးစိတ်အသစ်တစ်ခုကို စမ်းသပ်သားဖောက်ရာလည်းရောက်အောင် သားဖောက်တာကနေအောင်မြင်လာရင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ဖြစ်လာအောင်လို့ စမ်းသပ်ခဲ့တာဖြစ်တယ်။"ဟု ပြောသည်။
ယခုစမ်းသပ်မှုကို ပုဏ္ဏားကျွန်းမြို့နယ် ကုလားတန်မြစ်မှ ရေချိုသဘာဝပုစွန်မျိုးစိတ်ကို ပြည်မတွင်ဖောက်နေကြသည့်အတိုင်း မျိုးဖောက်ခဲ့ခြင်းဖြစ်ပြီး သားဖောက်မှုအောင်မြင်၍ ဒေသဖွံ့ဖြိုးရေးအတွက်အကျိုးရှိသလို စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ကိုင်သူများအတွက်လည်း တစ်နှစ်ပတ်လုံးဝင်ငွေရရှိနိုင်မည်ဟု ဆက်ပြောသည်။
လာမည့်နှစ်တွင် နည်းပညာပိုင်းနှင့် ရာသီဥတုအခက်ခဲမရှိဘဲ စနစ်တကျမွေးမြူနိုင်မည်ဆိုပါက သားပေါက်တိုးချဲ့ထုတ်လုပ်နိုင်ဦးမည်ဟုလည်း ဆိုသည်။
"ရေငန်ပုစွန်သားဖောက်ချိန်က အောက်တိုဘာလကနေ မတ်လ၊ ဧပြီလအထိရှိတယ်။ အဲဒီနောက်ပိုင်းဆို လုပ်ငန်းနားထားရတဲ့အတွက် အကျိုးမယုတ်အောင်ဆိုပြီး ရေချိုသားပေါက်စမ်းဖောက်သင့်တယ်။ "ဟုပြောသည်။
အဆိုပါသားပေါက်များကို ရေချိုအားကောင်းသည့်ဒေသများရှိ စပါးခင်းများနှင့် ရေကန်များတွင်ထည့်မွေးမည်ဆိုပါက ပြည်သူများ ဝင်ငွေပိုရနိုင်သည်ဟုလည်း ပေါက်တောမြို့နယ်၊ ချောင်းနွယ်ကျေးရွာမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်သူ ကိုမောင်မြင့်အေးက ပြောသည်။
"ရေချိုသားပေါက်က ကျွန်တော်တို့နေရာမှာတော့ မမွေးမြူသေးဘူး။ ရေငန်ပုစွန်ကတော့ တစ်ရာသီစာပဲပေါ့။ တစ်လပိုင်းကနေ သားပေါက်တွေမွေးမြူရင် လေးလဝန်းကျင်လောက်ပေါ့။ ပုစွန်ဖမ်းပြီး အဲအချိန်ပြီးသွားရင် နောက်ပိုင်းအချိန်တွေက နားချိန်ဖြစ်သွားပြီလေ။ ပြည်တွင်းကနေ လွယ်လွယ်ကူကူနဲ့ ရနိုင်မယ်ဆိုရင် ပြည်မကနေ၊ နိုင်ငံခြားကနေ မှာယူစရာမလိုဘူးပေါ့။ ကိုယ့်ပြည်တွင်းက ရေချိုပုစွန်ကို အောင်မြင်အောင်မွေးမြူနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် ဝင်ငွေတိုးလာနိုင်မယ်ထင်တယ်။"ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ရေချိုပုစွန်သားပေါက်များကို ဝယ်လိုအားမရှိသေးဘဲ ရေငန်ပုစွန်မျိုးစိတ်များကိုသာ ပြည်မနှင့် ပြည်ပတို့မှ မှာယူနေရကြောင်း သိရသည်။
ပျဉ်းမျှအားဖြင့် ရေငန်ပုစွန်သားပေါက်တစ်ကောင်လျှင် ကျပ် ၂၀ ကျော်မှ ကျပ် ၆၀ အထိပေးဝယ်ရသည်ဟု သိရသည်။
အကယ်၍ ရေချိုပုစွန်သားပေါက်ကို လိုသလောက်ထုတ်လုပ်နိုင်ပြီဆိုလျှင် ပေါက်စျေးထက်သက်သာသည့် သင့်တင့်မျှတသောစျေးနှုန်းဖြင့်ဖြန့်ချိသွားနိုင်မည်ဟုလည်း ကျောက်ဖြူမြို့ ငါးလုပ်ငန်းဦးစီးဌာနရှိ ရေငန်ပုစွန်သားဖောက်စခန်းတာဝန်ခံ ဦးရွှေကျော်အောင်က ပြောသည်။

ဆက်စပ် သတင်းများ