သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဆူဒန်ရှိ၊ ရွာတစ်ရွာကို RSFအဖွဲ့ကတိုက်ခိုက်၊အနည်းဆုံး လူ (၈၅) ဦး သေဆုံးခဲ့ ပြီး၊လူ(၁၅၀)ကျော်ဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 430

ဂျွန်နသန်၊ နိရဉ္စရာ၊ ဩဂုတ် ၁၈/၂၀၂၄ (နိုင်ငံတကာ)

ဆူဒန်နိုင်ငံအလယ်ပိုင်းရှိ၊ ကျေးရွာတစ်ရွာကို ဆူဒန်၏ အရံလက်နက်ကိုင်အဖွဲ့ (RSF) အဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ရာအနည်းဆုံး လူ (၈၅) ဦး သေဆုံးခဲ့ ပြီး၊လူ(၁၅၀)ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း India Today က ဖော်ပြချက်အရသိရသည်။

RSF မှ တိုက်ခိုက်ရေးသမားများသည် ဆူဒန်နိုင်ငံအလယ်ပိုင်းရှိ၊ ကျေရွာတစ်ရွာကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ အမျိုးသမီးများနှင့်ကလေးတွေ အပါအဝင်၊အနည်းဆုံး လူ (၈၅) ဦး သေဆုံးခဲ့ပြီး၊ လူ(၁၅၀)ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း အာဏာပိုင်များနှင့် ဒေသခံများက သြဂုတ်(၁၇)ရက်က ပြောကြားခဲ့သည်။

RSF သည် ဩဂုတ် ၁၂ ရက်မှစတင်၍ ဆူဒန်အလယ်ပိုင်း၊ Sinnar ပြည်နယ်၊ Abu Hujar မြို့ရှိ Jalqni ရွာကိုပိတ်ဆို့ထားခဲ့ပြီး အမျိုးသမီးများကို ပြန်ပေးဆွဲရန် ကြိုးပမ်းရာမှ ရွာသားများ၏ ခုခံခြင်းကို ခံခဲ့ရသည်။

ထို့နောက် RSF သည် သြဂုတ်လ(၁၅)ရက်တွင်အဆိုပါကျေး ရွာကိုထိုးစစ်ဆင်၀င်ရောက်ခဲ့ကြသည်။

ရာနှင့်ချီသော RSF တိုက်ခိုက်ရေးသမားများသည် သြဂုတ်လ(၁၅)ရက်က ကျေးရွာအတွင်း နာရီပေါင်းများစွာကြာဝင်ရောက်စီးနင်းခဲ့ပြီး လူနေအိမ်များနှင့် ပြည်သူပိုင်ပစ္စည်းများကို လုယက်၊ဖျက်ဆီးကာ မီးရှို့ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုသည်။

ရွာသားတစ်ဦးဖြစ်သည့် Mohamed Tajal-Amin က သြဂုတ်လ(၁၆)ရက် သောကြာနေ့မွန်းတည့်ချိန်၌ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးစုစုပေါင်း ရုပ်အလောင်းခုနစ်လောင်း လမ်းပေါ်တွင်ချထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ဆေးဘက်ဆိုင်ရာဌာန တွင် သြဂုတ်လ(၁၆)ရက် နေ့အထိ အမျိုးသမီးနှင့် အရွယ်မရောက်သေးသူ (၂၄) ဦးအပါအဝင် ရုပ်အလောင်း (၈၀)ထက်မနည်းကို လက်ခံရရှိထားကြောင်း အမည်မဖော်လိုသူ အလုပ်သမားတဦးက ပြောဆိုသည်။

၄င်းတို့သည်ကျေးရွာရှိ လက်နက်မဲ့နေထိုင်သူများကို ခွဲခြားဆက်ဆံကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့်ရွာသား ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး RSF ပြောရေးဆိုခွင့်ရှိသူများ က သြဂုတ်လ၁၇ရက်အထိ မှတ်ချက်တစုံတရာ ပြောဆိုခြင်းမရှိသေးပေ။

အဆိုပါRSF ၏ တိုက်ခိုက်ခဲ့မှုသည် ဆူဒန်တွင် (၁၈)လကြာပြီးနောက် အလွန် ဆိုးရွားသော ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်မှုဖြစ်ခဲ့သည်။

ဆူဒန်နိုင်ငံ၏မြို့တော် ခါတွန် နှင့် အခြားနေရာများတွင် ပြီးခဲ့သည့်နှစ် ဧပြီလ က စစ်ပွဲစတင် ဖြစ်ပွားချိန်မှစ၍ နိုင်ငံအနှံ့အပြားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများနှင့် အလွန်ဆိုးရွားသည့်အကြမ်းဖက်မှုများကျူးလွန်ခဲ့ကြောင်း RSF သည် အကြိမ်ကြိမ် စွပ်စွဲခံခဲ့ရသည်။

ဇွန်လအတွင်းကလည်း RSF သည် မြို့တော်ခါတွန် ၏အရှေ့တောင်ဘက် ၃၅ရ ကီလိုမီတာ (၂၁၇ မိုင်) အကွာရှိ Sinnar ပြည်နယ် Singaမြို့ ကို တိုက်ခိုက်ခဲ့ပြီး၎င်းတို့သည် မြို့မဈေးကို လုယက်ခဲ့ကြပြီး ဆေးရုံကိုလည်း သိမ်းပိုက်ကာ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးခဲ့ကြရသည်။ ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် RSFမှ တိုက်ခိုက်ရေးသမားများသည် နိုင်ငံအလယ်ပိုင်းရှိ Sennar ပြည်နယ်၊Galgani မြို့ အား စတင်တိုက်ခိုက်ခဲ့သည်။

ဆူဒန်စစ်တပ်နှင့် RSF အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန် ပြည်ထောင်စုက ဦးဆောင်ကြိုးပမ်းနေချိန်တွင် သြဂုတ်လ၁၅ရက် က လူ၁၅၀ကျော်သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုဖြစ်စဥ် နောက်ဆုံး ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

စစ်တပ်က သပိတ်မှောက်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြီးခဲ့သည့် သီတင်းပတ်က ဆွစ်ဇာလန်တွင် စတင်ခဲ့သည်။

ဆွေးနွေးပွဲသို့ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။ RSF သည်ဆွေးနွေးပွဲပြုလုပ်ရာ ဂျီနီဗာသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့သော်လည်း အစည်းအဝေးများတွင် ပါဝင် ဆွေးနွေးခြင်းမရှိခဲ့ပေ။

ဆူဒန်စစ်ပွဲသည် ကမ္ဘာ့အကြီးဆုံးနေရပ်ရွှေ့ပြောင်းသူများ အကြပ်အတည်းကို ဖြစ်ပွားစေ ခဲ့သည်။

တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ လူပေါင်း (၁၀.၇) သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့၏ အဆိုအရ သိရသည်။ ၎င်းတို့အနက် (၂)သန်းကျော်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

(ပုံ/R S F ၏အကြမ်းဖက်မှုများကြောင့်  ဆူဒန်နိုင်ငံ El Gezira နှင့် Sennar ပြည်နယ်များမှ ရွှေ့ပြောင်း လာကြသည့် မိသားစုများသည် ယာယီနားခိုးရာနေရာများတွင်ခိုလှုံနေကြရသည်။ )

ဆက်စပ် သတင်းများ