သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဝင်းနှင့်ဇော်အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှ ထိုင်းဘုရင်ထံ အသနားခံစာပို့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

နီမင်းထွန်း

နိရဥ္စရာ၊ အောက်တိုဘာ ၁ / ၂ဝ၁၉

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ဝင်းဇော်ထွန်း နှင့်ဇော်လင်းတို့ ပြန်လွတ်မြောက်လာရေးအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှ ထိုင်းဘုရင်ထံ အသနားခံစာပေးပို့သွားမည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်လွှတ်တော်မှ အသနားခံစာပေးပို့မည့်အကြောင်းကို စက်တင်ဘာလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လွှတ်တော်၏သဘောထားအား မေးမြန်းရာ ကန့်ကွက်သူမရှိထောက်ခံခဲ့ကြသည့်အတွက် အောက်တိုဘာလ တစ်ရက်နေ့တွင် ထိုင်းဘုရင်ထံပေးပို့သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အမေ ရခိုင်ပြည်နယ်လွှတ်တော်ကို ငိုပြီးအကူအညီလာတောင်းတယ်။ အဲဒါကိုမြင်တော့ ကျနော်စိတ်မကောင်းဖြစ်မိတယ်။ သူတို့ပြန်လွတ်မြောက်လာဖို့အတွက် အောက်တိုဘာ ၁ ရက်နေ့မှာ ထိုင်းဘုရင်ထံ အသနားခံစာပို့ပါမယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကပြောသည်။

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသော ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ပြန်လွတ်မြောက်လာရေးအတွက် ထိုင်းဘုရင်ထံအသနားခံစာပို့ပေးရန်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဦးစံကျော်လှတို့ထံ ဝင်းနှင့်ဇော်တို့၏မိသားစုဝင်များက စက်တင်ဘာလ ဒုတိယပတ်အတွင်း သွားရောက် တောင်းဆိုခဲ့ကြသည်။

" အဒေါ့်သားကို အားလုံး မြန်မာနိုင်ငံအစိုးရတွေပါ၊ အားလုံး လိုက်ပြီး ဝိုင်းပေးစေချင်တယ်။ သံရုံးအမတ်တွေ၊ အကြီးအကဲတွေ၊ အဒေါ်ကလည်း စကားလည်း သိပ် မတတ်ဘူး။ အဲလို ဝိုင်းဝန်းကူညီစေချင်ပါတယ်။ ပြည်သူလူထုစကားတစ်ခွန်းပြောတာနဲ့ ဒေါ်စုပြောတာနဲ့မတူပါ"ဟု ကိုဝင်းဇော်ထွန်း၏ မိခင် ဒေါ်မေသိန်းက နိရဥ္စရာနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောဆိုထားသည်။

ရခိုင်လူမျိုးနှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံရှိ လိပ်ကျွန်း(ခေါ်) ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။

သူတို့၏ နောက်ဆုံးအဆင့် အယူခံကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးက ပယ်ချခံခဲ့ရပြီးနောက် သူတို့နှစ်ဦး၏ပြစ်ဒဏ်နောက်ဆုံးအဆင့်အနေဖြင့် ထိုင်းဘုရင်ထံ အသနားခံစာတင်သွင်းရန်သာ ကျန်တော့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ