သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသည့်ကျောင်းဆရာတစ်ဦး ထပ်မံလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၄ / ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသည့် ကျောင်းဆရာ ကိုနိုင်အောင်ထွန်းသည် ယနေ့ လွတ်မြောက်လာပြီဟု သိရသည်။

ကိုနိုင်အောင်ထွန်း(၂၉ နှစ်)သည် ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မွန်းတည့် ၁၂ နာရီကျော်တွင် ဘူးသီးတောင်မြို့နယ် တရားရုံးမှ စွဲချက်မတင်ဘဲ လွတ်မြောက်လာခြင်းဖြစ်သည်ဟု ကာယကံရှင်က နိရဥ္စရာသို့ပြောသည်။

"အပြီးသတ်လွတ်လာတာပါ။ ကျနော့်ကို အမှုနဲ့သက်ဆိုင်မှုမရှိဆိုပြီးတော့ လွှတ်လိုက်တာဖြစ်ပါတယ်။"ဟု ကိုနိုင်အောင်ထွန်းက ဆိုသည်။

ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာမှ မူလတန်းပြကျောင်းဆရာ ကိုနိုင်အောင်ထွန်းသည် သြဂုတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်မှုပုဒ်မ ၅၂ (က)ဖြင့် တရားစွဲခံခဲ့ရသူဖြစ်သည်။ လေးလကျော်အကြာ အမှုရင်ဆိုင်ရပြီးနောက်တွင် ယခုကဲ့သို့ လွတ်မြောက်လာခြင်းလည်း ဖြစ်သည်။

"သားလေးလွတ်လာတော့ အတိုင်းအထက်အလွန်ပါပဲ။ ပျော်ရမှန်းမသိ၊ ငိုရမှန်းမသိဖြစ်သွားပါတယ်။"ဟု ကိုနိုင်အောင်ထွန်း၏မိခင်က နိရဥ္စရာသို့ပြောသည်။

ယခုလွတ်မြောက်လာသည့် ကိုနိုင်အောင်ထွန်းနှင့်အတူ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံခဲ့ရသည့် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာမှ မူလတန်းပြကျောင်းဆရာ ကိုနေဇော်လင်း (၂၇ နှစ်)ကိုလည်း မှားယွင်းစွာတရားစွဲဆိုမှုဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တရားရုံးက အပြီးသတ်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - လွတ်မြောက်လာသည့် ကိုနိုင်အောင်ထွန်းအား သူ၏ ရှေ့နေနှင့်အတူ တွေ့ရစဉ်။

----------------------------------

Unicode:











ဆက်စပ် သတင်းများ