သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တရားလိုပြသက်သေများမရောက်၍ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှု မတ်လ ၁၆ ရက်နေ့သို့ ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၁၂ / ၂၀၂၁

ယနေ့ ရုံးချိန်သို့ တရားလိုပြသက်သေများ မရောက်၍ ပုဏ္ဏားကျွန်းမြို့နယ်ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ၅ ဦးအမှုအား မတ်လ ၁၆ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း ၎င်းအမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

တရားလိုပြ သက်သေ ၉ ဦးမှာ သက်သေ ၂ ဦး စစ်ဖို့ ကျန်သေးတယ်။  ပုဏ္ဏားကျွန်းတပ် ခမရ ၅၅၀ က ဗိုလ်ကြီးတစ်ဦးရယ်၊ နောက်ပြီးတော့ ဒုရဲမှူးတစ်ဦးရယ်။ ဒီနေ့တော့ သက်သေတွေ မလာတဲ့ အတွက်ကြောင့် တရားရုံးက နောက် ၁၆ ရက်နေ့ကို ချိန်းလိုက်တယ်။ ဟုပြောသည်။

အမှုစစ်ဆေးရန် ကျန်နေသူ တရားလိုပြနှစ်ဦးမှာ ခမရ (၅၅၀) မှ ဗိုလ်မှူးမင်းရှမ်းမောင်နှင့် ဒုရဲမှူး ခင်မောင်အေးတို့ဖြစ်ကြောင်း သူကဆက်ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၊ ကိုမျိုးလင်းဦး၊ ကိုမောင်ချေ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စု ရပ်ကွက်မှ ကိုမင်းစိုးနှင့် မြောက်ဦးမြို့ စျေးပင်ကြီးရပ်ကွက်မှ ကိုကျော်ဝင်းဟိန်းတို့ ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူ ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်သည့်အတွက်ကြောင့် အကြမ်းဖက်ဥပဒေပုဒ်မများနှင့် တရားစဲဆိုခံထားရသူများအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်း သတင်းထောက်များအား ပြောဆိုသည်။

မနေ့က AA ကို အကြမ်းဖက်အဖွဲ့ကနေပြီးတော့ ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ကျမသားကို တရားစွဲတုန်းကလည်း အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တယ် စွပ်စွဲပြီးတော့ ရားစွဲတယ်။  အခုက အကြမ်းဖက်အဖွဲ့ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် အကြမ်းဖက်နဲ့ စွဲဆိုထားတဲ့ လူတွေအကုန်လုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျမသားက အကြမ်းဖက်လည်း မဟုတ်ဘူး။ ကျမသားကို မတရားဖမ်းဆီးပြီး ပြန်မလွှတ်တဲ့အတွက်  ကျမ တအားခံစားနေရတယ်။  ကျမက ဒီနေ့မှာ သားပြန်လွတ်မယ်ဆိုပြီးတော့ မျှော်လင့်ချက်အပြည့်နဲ့ လာတာပါ ဟုပြောသည်။

အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကလည်း AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်သည့်အတွက် အကြမ်းဖက်အမှုများကိုလည်း ရုပ်သိမ်းရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မနေ့က  အေအေကို အကြမ်းဖက်အဖွဲ့က ဖျက်သိမ်းလိုက်ပြီလေ။ အကြမ်းဖက် မဟုတ်တဲ့ အတွက်ကြောင့် တရားစွဲဆိုထားတဲ့အဖွဲ့က ဒီအမှုကို ရုပ်သိမ်းရမှာပဲ။  ဖျက်သိမ်းလိုက်ပြီဆိုရင် သူတို့က အကြမ်းဖက် မဟုတ်တော့ဘူးလေ။ အကြမ်းဖက်မဟုတ်တော့ဘူး ဆိုလိုရှိရင်တော့ ဥပဒေကြောင်းအရ ပြောရရင်တော့ ရုပ်သိမ်းရမယ် ဟုပြောသည်။

၄င်းတို့ကို ပြီးခဲ့သော ၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က ကျောက်ဆိပ်ရွာထဲကို ပုဏ္ဏားကျွန်းမြို အမှတ် (၅၅၀) တပ်ရင်းဘက်က ပစ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး လူ ၈ ဦး သေဆုံးပြီး ၇ ဦးသေဆုံးခဲ့သည်။

အဆိုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဧပြီ ၁၉ ရက်နေ့တွင်  တပ်မတော်စစ်ကြောင်းတစ်ခုက ကျောက်ဆိပ် ရွာထဲကို ဝင်ရောက်လာပြီး လူပေါင်း ၃၈ ယောက်ကို  ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဧပြီ ၂၀ ရက်နေ့တွင် ၃၃ ဦးကို ပြန်လွတ်ပေးခဲ့သည်။ ကျန်ရွာသား ၅ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး   မေလ (၂၂) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့  အမှတ် (၅၅၀) တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ  စစ်တွေခရိုင် တရားရုံးတွင် အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ