သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

၂ နှစ်နီပါးကြာ ဖမ်းဆီးခံထားရသည့် လက္ကာကျေးရွာသား ၂၂ ဦးကို လွှတ်ပေးရန် မိသားစုဝင်များတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ် ၁၅ / ၂၀၂၁


၂ နှစ်နီးပါးကြာဖမ်းဆီးခံထားရသည့်  မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၂ ဦးအား ပြန်လည်လွှတ်ပေးရန် မိသားစုဝင်များက ယမန်နေ့ ရုံးထုတ်စစ်ဆေးပြီးချိန်တွင် တောင်းဆိုလိုက်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဦးခင်မောင်စိုး၏ အမျိုးသမီးဖြစ်သူ ဒေါ်သိန်းမြရီက ကျမတို့ယောကျာ်းတွေကို လွတ်မယ်လို့ စိတ်ထဲကတော့ ထင်တယ်ပေါ့။ ဒါပေမဲ့ မလွတ်ဘူး။ မိသားစုဝင်တွေကတော့ တအားခံစားရတာပေါ့။ ကျမတို့ ယောကျာ်းတွေက အပြစ်လည်းမရှိတဲ့အတွက် အမြန်ဆုံးလွတ်စေချင်တယ်။ ကျမတို့မှာ ရုံးချိန်းလာဖို့အတွက် ပိုက်ဆံလည်းမရှိတော့ဘူ။ နောက်ထပ်ရုံးချိန်းကိုလည်း ကျမတို့မလာနိုင်တော့ဘူး။ ပိုက်ဆံလည်းမရှိတော့ဘူး။ ဒါကြောင့် အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်ဟုပြောသည်။

၄င်းတို့အား  စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီးထင်လင်းနှင့် ဒုရဲမှူး ဇော်မျိုးဝင်း (အမှတ် (၁) လုံခြုံရေး ရဲတပ်ဖွဲ့ မြောက်ဦးမြို့)တို့မှ တရားလိုလုပ်ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နဲ့ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၂ (၁) တို့ဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရား စွဲဆိုထားခြင်းဖြစ်သည်ဟု ၄င်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

သူတို့ကို အမှု (၃) ခုနဲ့ စွဲထားတယ်ပေါ့။ အကြမ်းဖက်မှု နှစ်မှုရယ်။ နောက်ပြီးတော့ လက်နက်အရေးပေါ်စီမံမှု အက် ဥပဒေကတစ်မှု  (၃) မှုစွဲထားတယ်။ အဲဒီမှာ လက်နက်အရေးပေါ်စီမံမှု အမှုမှာတော့ စွဲချက်လည်း တင်ပြီးပြီ တရားလိုဖက် သက်သေတွေကိုလည်း စစ်ပြီးပြီ။ နောက်အကြမ်းဖက်မှုတစ်ခုကကျတော့ တရားလိုဖက်သက်သေတွေ အားလုံးကို စစ်ဆေးပြီးပြီ။ စွဲချက်တင်သင့်၊ မတင်သင့်ပေါ့။ အဲလိုအမိန့်ချဖို့ဟာတစ်မှုရှိပါတယ်။  နောက်တစ်မှုကကျတော့ တရားလိုပြသက်သေ စစ်ဆေးဆဲပဲရှိသေးတယ်ပေါ့။ အခုက (၃) မှုမှာ (၂) မှုက စွဲချက်တင်သင့် မတင်သင့် အမိန့်ချဖို့ဟာတစ်ခုရှိတယ်။ အပြီးသတ်အမိန့်ချဖို့ဟာရှိတယ်ဆိုတော့ (၂) မှုကတော့ အမိန့်ချရင် ချလို့ရပြီးပေါ့။ဟုပြောသည်။

၄င်းအပြင် အကြမ်းဖက်အမှုများနှင့်ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပြီးစီးနိုင်ရန် တစ်ပတ်တွင် နှစ်ကြိမ် ရုံးထုတ်စစ်ဆေးနေကြောင်း သူကဆက်ပြောသည်။

နိုင်ငံတော်ကောင်စီကနေပြီးတော့ အမှုတွေကို မြန်မြန်ဆန်ဆန်စစ်ဆေးဖို့အတွက် ညွှန်ကြားထားတာရှိတယ်။ အမျိုးသား ရင်ကြားစေ့ရေးကာလဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ မြန်မြန်ဆန်ဆန်စစ်ဆေးပေးပါဆိုပြီးတော့ ညွှန်ကြားထားတာတွေရှိတယ် ဟုပြောသည်။

၄င်းတို့အား ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲသို့ဝင်လာပြီး ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်ပြီးဖြစ်သည့်အတွက် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည့်ဟုဆိုကာ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူ (၂၀၀) ကျော်အထိရှိသေးကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ တာဝန်ရှိသူ တစ်ဦးက  ပြီးခဲ့သောရက်ပိုင်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုထားသည်။

ဆက်စပ် သတင်းများ