သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အကြမ်းဖက်မှုဖြင့် မတရားစွပ်စွဲခံရပြီး ထောင်ထဲတွင် ၃ နှစ်ခန့်ကြာထိန်းသိမ်းခံခဲ့ရ၍နစ်နာမှုရှိဟု လွတ်လာသူ ရခိုင်လူငယ်၄ ဦးပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.7k

ဇော်ဝင်းအောင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၀ / ၂ဝ၂၁
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၃ နှစ်ခန့်အကြာ တရားစွဲဆိုခံခဲ့ရသည့်အတွက် နစ်နာမှုများရှိခဲ့သည်ဟု ယနေ့ စစ်တွေထောင်မှ လွတ်မြောက်လာသည့် ရခိုင်လူငယ် ၄ ဦးက ပြောဆိုလိုက်သည်။
လွတ်မြောက်လာသည့် ကိုဇော်နိုင်ဝင်းက “ကျွန်တော်က AA နဲ့လည်း ပတ်သက်မှုတစ်စုံတရာမရှိခဲ့ပါဘူး။ အခုလိုဖမ်းဆီးခံခဲ့ရတော့ ကျွန်တော်တို့အတွက် နစ်နာမှုတွေလည်းအများကြီးရှိတယ်။ အချိ်န်တွေရော၊ ပြီးတော့ မိသားတွေလည်း ပူပင်သောကရောက်ခဲ့ရတယ်”ဟု ပြောသည်။
လွတ်မြောက်လာသူလေးဦးမှာ မြေပုံမြို့နယ် ယိုးချောင်းကျေးရွာမှ ကိုဇော်နိုင်ဝင်း၊ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ကိုနေလင်းထွန်း၊ ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေနှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေးတိုု့ဖြစ်သည်။
၄င်းတို့သည် ၂၀၁၉ ခုနှစ် ဇွန်လက ပုဏ္ဏားကျွန်းရဲစခန်းရှေ့တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်(AA)နှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
၄င်းတို့ ၄ ဦးသည် သုံးနှစ်ခန့်အကြာတရားစွဲခံခဲ့ရပြီးနောက် တရားလိုဘက်က အမှုပိတ်သိမ်းလိုက်သည့်အတွက် ယနေ့ စက်တင်ဘာလ ၉ ရက်တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
လွတ်မြောက်လာသူလေးဦးထဲမှ ကိုမောင်ချေ၏ မိခင် ဒေါ်မအောင်သိန်းက “အခု လွတ်မြောက်လာတော့ ပြောမပြတတ်အောင် ဝမ်းသာရပါတယ်။ သူ့အတွက်ပူပင်သောကတွေလည်း အများကြီးရောက်ရတယ်။ သူလွတ်မြောက်ဖို့ နေ့တိုင်းဆုတောင်းနေခဲ့တာပါ။ သူတရားရင်ဆိုင်နေရတော့ အဒေါ်တို့မှာ အခက်အခဲတွေအများကြီးရင်ဆိုင်ခဲ့ရပါတယ်။ ငွေရေးကြေးရေးဆိုလည်း အခုသွားဖို့လာဖို့တောင် သူများဆီကချေးထားရတယ်။ တခြား အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးတွေကိုလည်း အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တရားရုံးများတွင် စွဲဆိုထားသည့် အကြမ်းဖက်မှုများအနက် တရားစွဲခံနေရသူ ၃၅ ဦးအား အမှုမှရုပ်သိမ်းပေးရန် ဆောင်ရွက်နေသည်ဟုလည်း ပြည်နယ်အစိုးရက သြဂုတ်လ ၃၁ ရက်တွင် ကြေညာထားသည်။
ရခိုင်တွင် လက်ရှိအချိန်ထိ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲဆိုခံထားရသူ ၁၅ဝ ခန့်ရှိနေသည်ဟုလည်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ သိရသည်။

ဆက်စပ် သတင်းများ