သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

၃ နှစ်ခန့် ဖမ်းဆီးခံထားသည့် လက္ကာရွာသား ၂၃ဦး၏ အမှု ၂ မှုကို လာမည့်နိုဝင်ဘာ ၅ ရက်နေ့၌ တစ်မှုကိုအမိန့်ချပြီး ကျန်တစ်မှုကိုအပြီးသတ်လျှောက်လဲချက်ပေးမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.7k

ချစ်အိလှိုင်၊ မြထွီးသျှင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၈/ ၂ဝ၂၁

၃ နှစ်နီးပါးခန့် အကြမ်းဖက်မှုပုဒ်မ ၂ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားသည့် လက္ကာရွာသား ၂၃ ဦး၏ အမှုကို လာမည့်နိုဝင်ဘာ ၅ ရက်နေ့၌ တစ်မှုကို အမိန့်ချပြီး ကျန်တစ်မှုကို အပြီးသတ်လျှောက်လဲ ချက်ပေးမည်ဟု သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့၌ လက္ကာရွာသား ၂၃ ဦးကို  စစ်တွေမြို့နယ် တရားရုံးရုံးထုတ်ခဲ့ပြီး  နိုဝင်ဘာ ၅ ရက်နေ့ကို ထပ်မံ ရုံးချိန်းခေါ်ယူခဲ့သည်ဟု ၄င်းအမှုအား လိုက်ပါဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦအောင်စစ်မင်းက ပြောသည်။

အကြမ်းဖက်မှုနဲ့စွဲထားတဲ့ နှစ်မှုစလုံးကို အခုအပြီးသတ်အမိန့်ချဖို့ပဲကျန်ပါတော့တယ်။ ကုန်ခဲ့တဲ့ ရုံးချိန်းက ရာကြီး (၆ဝ) ကို အပြီးသတ်လျှောက်လဲချက်ပါ။ နောက်တစ်မှုကလည်း စစ်လို့ပြီးပြီဆိုတော့ အပြီးသတ်အမိန့်ချဖို့ဟာပဲရှိပါတော့တယ်။ ကျန်တစ်မှုက အပြီးသတ်လျှောက်လဲချက်ပေးမယ်။ ဒီတော့ အပြီးသတ် လျှောက်လဲချက်ပေးမယ့် တစ်မှုနဲ့ အမိန့်ချဖို့တစ်မှုပေါ့ဟုပြောသည်။

မြောက်ဦးအခြေစိုက် ရဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့  ၂၀၁၉ ခုနှစ် ဧပြီလ၉ ရက်နေ့၌  လက္ကာရွာထဲသို့ စစ်ကြောင်း တစ်ခုဝင်ရောက်လာပြီး ရွာသား ၂၇ ဦးကို ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ပြီး ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပေဒပုဒ်မ ၂၁ (က) အပါအဝင်  အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)၊ ၅ဝ(စျ)၊ ၅၂(က) တို့ဖြင့် တရားစွဲ ဆိုထားသည်ဟု သိရသည်။

စတင်ဖမ်းဆီးစဉ်က ရွာသား  ၂၇ ဦးဖြစ်ပြီး စစ်ကြောရေးတွင် ၃ ဦးသေဆုံးခဲ့ကာ လူငယ် နှစ်ဦးအားလည်း  အသက်မပြည့်၍ လွတ်ပေးခဲ့သဖြင့် ၂၂ ဦး ကျန်နေခဲ့သည်။

ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်အောက်တိုဘာလတွင် လက္ကာရွာသားအမျိုးသမီးတစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့သဖြင့် အကြမ်းဖက်မှုပုဒ်မနှင့် လက်နက်အရေးပေါ်ဥပေဒတို့ဖြင့်  တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရသူမှာ လက်ရှိတွင် ၂၃ဦး ဖြစ်သည်ဟု သိရသည်။

 ယနေ့ ရုံးချိန်းတွင် မိသားစု တစ်ချို့ ရောက်ရှိလာခဲ့သော်လည်း တချို့မှာ ခရီးစရိတ် မတက်နိုင်သဖြင့် မရောက်ရှိခဲ့ကြဟု သိရသည်။

ဆက်စပ် သတင်းများ