သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးတစ်ဦး၏ ဇနီးဟောင်းက အစိုးရတရားလိုအဖြစ် သက်သေထွက်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

ချစ်အိလှိုင်

နိရဥ္စရာ၊ နိုဝင်ဘာ ၁၁/ ၂ဝ၂၁

 

ဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မဖြင့် တရားစွဲခံနေရသည့် ရခိုင်ဝန်ကြီးသုံးဦးကို ယမန်နေ့က အမှုစစ်ဆေးရာ ယခင် ဘဏ္ဍာ/အခွန်/ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးကျော်အေးသိန်း၏ ဇနီးဟောင်း ဒေါ်စောသိင်္ဂီထွန်းက တစ်ခြား တရားလိုပြသက်သေ ၃ ဦးနှင့် အတူ စိုးရ တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်ဟု သတင်းရရှိသည်။

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ/အခွန်/ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်/ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ ၃ ဦးနှင့် ပတ်သက်၍ တရားလိုပြသက်သေ ၃ ဦးကို ယမန်နေ့ နိုဝင်ဘာ ၁ဝ ရက်နေ့ နံနက်က စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ ဝန်ကြီးဦးကျော်အေးသိန်း၏ ဇနီးဟောင်း ဒေါ်စောသိင်္ဂီထွန်းနှင့် တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့သည်ဟု  သိရသည်။

 

ဝန်ကြီးဟောင်းဦးကျော်အေးသိန်း၏ အမျိုးသမီးဟောင်း ဖြစ်သည့် ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံပိုင်ရှင် ဒေါ်စောသိင်္ဂီထွန်းနှင့် အတူ  ပြည်နယ်တည်ဆောက်ရေးကော်မတီမှ ဒေါ်ခင်သန်းရွှေနှင့် ဆောက်လုပ်ရေး QC ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ ပြည်တော်သာ ရပ်ကွက်ရာအိမ်မှူး ဦးမောင်သိန်းတို့ဖြစ်ကြသည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးမျိုးမြတ်ဟိန်းက နိရဥ္စရာကို ပြောသည်။

 

သူတို့ ၃ ယောက်ကို မနေ့က စစစ်ခဲ့တာ ဟုတ်ပါတယ်ဟု ပြောသည်။

 

၎င်းဝန်ကြီးဟောင်း ၃ ဦး၏အမှုကို နိုဝင်ဘာ ၁၂ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ထပ်မံရုံးချိန်း ခေါ်ယူထားကြောင်း သူက ဆက်ပြောသည်။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အမှုရင်ဆိုင်နေရသည့် ဝန်ကြီးများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။

 

၄င်းတို့ကို နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် သြဂုတ်လ (၁၂) ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် အမှုစတင်ဖွင့်တရားစွဲဆိုခဲ့သည်။

 

ယင်းတို့အနက်မှ ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ) အမှုတစ်မှုကိုလည်း ရင်ဆိုင်နေရသည်။

 

အလားတူ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ(၂၅)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)တို့ဖြင့် စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ကျခံခဲ့ရသော်လည်း အောက်တိုဘာ ၂၂ ရက်နေ့တွင် အမှုရုတ်သိမ်းခံခဲ့ရပြီး လက်ရှိတွင် အဂတိမှုဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်ဟု သိရသည်။

 

၄င်းတို့ ၅ ဦးအနက် ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်လွင်တို့အမှုကို မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်တွင် ဆက်လက်စစ်ဆေးသွားမည်ဟု သိရသည်။

ဆက်စပ် သတင်းများ