တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တစ်နှစ်နှင့်ခြောက်လကျော်ကြာအမှုရင်ဆိုင်နေရသည့် ကျောက်ဆိပ်ရွာသား (၅)ဦးအမှု တရားလိုရဲအရာရှိကိုယ်စားပုဏ္ဏားကျွန်းစခန်းမှူးကိုစတင်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.6k

ထက်အောင်
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၀/ ၂၀၂၁
အကြမ်းဖက်မှုပုဒ်မများဖြင့် တစ်နှစ်နှင့်ခြောက်လကျော်ကြာ တရား ရင်ဆိုင်နေရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ် ကျေးရွာသား ၅ ဦး အမှုတွင် တရားလိုအမှုစစ်ရဲအရာရှိကိုယ်စား ပုဏ္ဏားကျွန်းမြို့မ စခန်းမှူးကို ယနေ့မှသာ စတင်စစ်ဆေးခဲ့ကြောင်း အမှုဆောင်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။
အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “အမှုစစ် ရဲအရာရှိကိုယ်စား ပုဏ္ဏားကျွန်းလက်ရှိ စခန်းမှူးကို စစ်ပါတယ်။ နောက်ပြီးတော့ ဗိုလ်မှူးမင်းချစ်မွန်ကို စစ်ဆေးတဲ့ ကော်မရှင်နာစစ်ဆေးချက်လည်း ဒီနေ့ရောက်ပါတယ်။ အခု တရားလိုပြ သက်သေတွေ အကုန်စစ်ဆေးနေတာ အမှုစစ်တစ်ယောက်ပဲ ကျန်ပြီ။ အဲဒါပြီးရင်တော့ စွဲချက် လျှောက်လဲချက် အဆင့်သွားရမယ်” ဟု ဦးကျော်ညွှန့်မောင်က ပြောသည်။
ကျောက်ဆိပ်ကျေးရွာသားများကို ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောက်ရုံးချိန်းကို ဒီဇင်ဘာ ၂၇ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ညီညီအောင် (၂၄) နှစ်၊ မျိုးလှိုင်ဦး (ခ) မျိုးလင်းဦး (၂၄) နှစ်၊ မောင်ချေ(၂၄) နှစ်၊ မင်းစိုး(၃၈) နှစ်နှင့် ကျော်ဝင်းဟိန်း (၂၂) တို့ ဖြစ်ကြောင်း သိရသည်။
သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ရွာမှ လူပေါင်း ၃၈ ဦးကို ပြီးခဲ့သည့်နှစ် ၂၀၂၀ ဧပြီလ ၁၉ ရက်နေ့တွင် စစ်တပ်၏ဖမ်းဆီးခြင်းကိုခံရမှု၌ ပါဝင်သူများဖြစ်ကာ ယင်းအထဲမှ (၃၃) ဦးမှာ ပြန်လည်း လွှတ်မြောက်ခဲ့ပြီး သူတို့ ၅ ဦးကို ဆက်လက်ဖမ်းဆီးခဲ့သည်။
သူတို့ ဖမ်းဆီးခံရပြီးနောက် တပ်မတော်စစ်ရေယာဉ်ပေါ်တွင် ရိုက်နှက် နှိပ်စက်နေသည့် ဗီဒီယိုဖိုင် တစ်ခု ၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့က လူမှုကွန်ရက်ပေါ်တက်လာပြီးနောက်ပိုင်း ပြည်သူများကြား ဝေဖန်မှု မြင့်တက်ခဲ့ပြီးနောက် ပါဝင်သူ စစ်သားအချို့ကို စုံစမ်းဖော်ထုတ်ကာ အရေးယူမှု ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
၎င်းကျောက်ဆိပ်ရွာသား ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရား စွဲထားကြောင်းသိရပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်တွေခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် (AA) အားအကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်း လိုက်ပြီ ဖြစ်သော်လည်း AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများကို အကြမ်းဖက်မှုနှင့် ဆက်လက် တရားစွဲနေခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် ၎င်းတို့၏ အမှုကို အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လွှတ်ပေးရန် မိသားစုများက တောင်းဆိုနေကြသည်။

ဆက်စပ် သတင်းများ