တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အမ်းတွင် ဖမ်းဆီးခံရသည့်မြေပုံနယ်ကလူငယ် နှစ်လခန့်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဟု မိသားစုပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂ဝ၂၁

 

ရခို်င်ပြည်နယ်၊ အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်ဟု သံသဖြင့် ဖမ်းဆီးခံထားရသူ မြေပုံမြို့နယ်မှ လူငယ်နှင့် ၂ လခန့်ကြာသည်အထိ လုံးဝအဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုက ပြောသည်။

 

ဖမ်းဆီးခံထားရသူ၏ဇနီး မနှင်းမြတ်မွန်က နှစ်လပြည့်တော့မယ်။ ဒီနေ့အထိ ဘယ်ကိုရောက်နေမှန်း သတင်းအစအနမရသေးဘူး။ နေရာတစ်ခုမှာ သူရှိနေတယ်လို့ အတိအကျရှိနေတယ်ဆိုရင်တောင် စိတ်ဖြေလို့ရဦးမယ်။ အခုက ဘယ်မှာမှန်းမသိရတော့ စိုးရိမ်ပါတယ်ဟုပြောသည်။

 

ဖမ်းဆီးခံထားရသူမှာ မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာမှ ကိုနေဝင်းစိုး(၂၃ နှစ်)ဖြစ်ပြီး ရန်ကုန်မှအပြန် နိုဝင်ဘာ ၉ ရက် ညနေပိုင်း၌ အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးဂိတ်တွင် AA တပ်ဖွဲ့ဝင်ဟု သံသယဖြင့် လဝကနှင့် စစ်တပ်ပူးပေါင်းအဖွဲ့၏ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

 

ယင်းသို့ဖမ်းဆီးခံလိုက်ရမှုကို အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးကြည်က မသိရှိဟုဖြေဆိုပြီး ကိုနေဝင်းစိုးသည် အမ်းမြို့မရဲစခန်းတွင်လည်း မရှိဟု နိရဥ္စရာကို ပြောသည်။

 

ကျွန်တော့်စခန်းမှာမရှိဘူးဗျ။ ကျွန်တော်တို့ဆီကို အဲလိုတော့မရှိဘူး။ ဘယ်သူကဖမ်းတာလဲ။ အဲဒါကျွန်တော်တောင်မသိရဘူးဗျဟုပြောသည်။

 

ကိုနေဝင်းစိုးသည် သူ၏ ကျောက်ကပ်ရောဂါအား ရန်ကုန်တွင် ဆေးကုသမှုခံယူရန် သွားရောက်ပြီးနောက် ရွှေညီအစ်ကို Express ကားဖြင့် မိမိရွာသို့အပြန် လမ်းတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟုလည်း သိရသည်။

 

လက်ရှိတွင် သူ့ကို မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကိုမသိရဘဲ လုံးဝ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။

 

ဆက်စပ် သတင်းများ