တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

PDF သံသယဖြင့် တရားစွဲခံထားရသည့် ဦးစိန်ချစ်တို့အမှုတွင် မအူပင်မှလိုပြသက်သေများကို စစ်ဆေးရန် ရုံးချိန်းထပ်မံရွေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4k

မြထွီးသျှင်
နိရဥ္စရာ၊ ဇန်နဝါရီ ၇ /၂၀၂၂
PDF သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ဦးစိန်ချစ်နှင့် ငပလီမြို့မှ ကိုရဲနိုင်ဦးတို့အမှုတွင် မအူပင်မှလိုပြသက်သေများကို စစ်ဆေးရန် ရုံးချိန်းထပ်မံရွေ့ဆိုင်းလိုက်သည်ဟု သိရသည်။
၄င်းတို့အား ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်တွင် စစ်ဆေးရန်ချိန်းဆိုခဲ့သော်လည်း လာမည့် ဇန်နဝါရီ ၁၂ ရက်တွင်စစ်ဆေးရန် ရက်ရွေ့လိုက်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သင်္ဂီမောင်က နိရဥ္စရာသို့ပြောသည်။
“၁၂ ရက်ကျတော့ သက်သေ ၃ ယောက်စစ်ဖို့ကျန်သေးတယ်လေ။ မအူပင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့က အရာရှိ ၂ ယောက်ရယ်၊ PDF လို့စွပ်စွဲထားတဲ့ ကောင်လေးတစ်ယောက်ရယ် သုံးယောက်စလုံးကို စစ်မယ်လို့ ၁၂ ရက်မှာ ချိန်းဆိုထားပါတယ်။ ကျန်တဲ့သက်သေတွေကတော့ အကုန်ပြီးသွားပြီလေ” ဟု ပြောသည်။
ရုံးချိန်းရွေ့ဆိုင်းလိုက်ရခြင်းမှာ မအူပင်က PDF ဟုစွပ်စွဲခံထားရသည့် လူငယ်အား အချုပ်ထောင်ထဲတွင် ထားထားသည့်အတွက် အပြင်ကိုထုတ်လာရန် အဆင်မပြေသည့်ကဏ္ဍများရှိနေခြင်းကြောင့်ဖြစ်သည်ဟု ရှေ့နေဒေါ်သင်္ဂီမောင်က ဆက်ပြောသည်။
တရားစွဲခံထားရသူ ၂ ဦးအနက် သံတွဲမြို့တွင် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ဦးစိန်ချစ် (၄၂ နှစ်)ကို အောက်တိုဘာလ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် သူ၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
အလားတူ ဦးစိန်ချစ်နှင့်အတူ လူမှုရေးလုပ်ကိုင်နေသူ ငပလီမြို့မှ ကိုရဲနိုင်ဦး (၂၄ နှစ်)ကို အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် သူမောင်းနေသည့် သုံးဘီးတုတ်တုတ်ကို ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ကလာရောက်ခေါ်ယူသွားခြင်းဖြစ်သည်။
ယင်းနောက် ၄င်းတို့ ၂ ဦးကို ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က) နှင့်အမှုဖွင့်ထားပြီး လက်ရှိအချိန်တွင် သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် ၄င်းတို့ ၂ ဦးအပါအဝင် ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ သံတွဲတွင် ၃ ဦး၊ ငပလီတွင် ၂ ဦး၊ မြောက်ဦးတွင် ၁ ဦးနှင့် တောင်ကုတ်တွင် ၂ ဦး၊ စုစုပေါင်း ၈ ဦးအထိရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ