တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်ဝန်ကြီးဟောင်းနှစ်ဦးကို ထောင်၉နှစ်၊ နောက်ဝန်ကြီးဟောင်းနှစ်ဦးကို၇နှင့်၃ နှစ်စီ အသီးသီးချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6k

ချစ်အိလှိုင်

နိရဥ္စရာ၊ ဇန်နဝါရီ ၁၉/ ၂ဝ၂၂

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးသည် အဂတိမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ်ရှည် အသီးသီးချမှတ်ခံလိုက်ရသည်ဟု သိရသည်။

၄င်းတို့ကို ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅)ဖြင့် ထောင်ဒဏ်နှစ်ရှည် အသီးသီးချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့(၅)ဦးအနက် ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းတို့သည် အလုပ်နှင့် ထောင်ဒဏ် (၉)နှစ်စီချမှတ်ခံလိုက်ရကြောင်း ရှေ့နေများက ပြောသည်။

အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်သည် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ထောင်ဒဏ် (၇)နှစ်ချမှတ်ခံလိုက်ရကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။

ဝန်ကြီးချုပ်ဟောင်းပါတဲ့အမှုက ၃ မှုပေါ့နော်။ ရာဇဝတ်ကြီးအမှု ၁ မှာကျတော့ ၃ နှစ်ပေါ့နော်။ ၂ မှာရော ၃ နှစ်၊ ၃ မှာရော ၃ နှစ်ပေါ့နော်။ အလုပ်နဲ့ဆိုပြီးပါပါတယ်။ နောက်ထပ်ဝန်ကြီးဟောင်းတွေလည်း ၉ နှစ်ပါ။ ဦးကျော်လွင်ကကျတော့ အမှုနံပါတ် ၁ တစ်ခုတည်းမှာပါတာဆိုတော့ သုံးနှစ်ပါ။ ဦးမင်းအောင်က အမှုနံပါတ် ၄ မှာ သူ့တစ်ယောက်တည်းတစ်မှုနဲ့ ၇ နှစ်ပါဟုပြောသည်။

၎င်းတို့(၅)ဦးကို အမှုနံပါတ်(၁) ဂုံသောင်းတန်းဖိုးနည်းမြေကွက်ဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျည်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ်ကုမ္ပဏီတစ်ခုကိုစာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေပြီး ငွေအလွဲသုံးစားပြုမှု၊ အမှုနံပါတ်(၂) အစိုးရပိုင်အဆောက်အဦ ၃ ခုအား ပြည်သူသို့ ငှားရမ်းရာမှု၊ အမှုနံပါတ်(၃)Third Party မှငွေအချို့ သတ်မှတ်ဘဏ်အကောင့်တွင် ရှိမနေဘဲ အခြားအကောင့်တွင် ရှိနေမှု၊ အမှုနံပါတ်(၄) ဦးမင်းအောင်မှ အစိုးရရန်ပုံငွေတွင်ပါဝင်ခြင်းမရှိဘဲ၊ ပြည်နယ်လွှတ်တော်ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မဈေးအပါအဝင် ဈေး(၅)ခုကို တင်ဒါစည်းကမ်းနှင့်မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် အဂတိတိုက်ဖျက်ရေးကော်ရှင်က တရားစွဲဆိုခဲ့ပြီးနောက် ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဟောင်း ဦးမင်းအောင်၏ဇနီး ဒေါ်မြဝတ်ရည်က စဖမ်းကတည်းက သူတို့ လုပ်ချင်ရာတွေလုပ်မှာပဲလို့ အစ်မတို့ ခေါင်းထဲမှာ ထည့်ထားတော့ မိသားစုအနေနဲ့ကတော့ ထူးပြီးတော့ မခံစားရဘူးဟု နိရဥ္စရာကို ယမန်နေ့က ပြောဆိုထားသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ပုဒ်မ(၅၅)အပြင် မဲမသာမှုပြုလုပ်သည်ဟုဆိုကာ ရွေးကောက်ပွဲနှင့်ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်သည့် ၁၃ဝ(က)ဖြင့် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံတရားစွဲခံထားရကြောင်း သိရသည်။

ယင်းအပြင် ဝန်ကြီးဟောင်းဦးမင်းအောင်သည် ဝန်ကြီးချုပ်ဟောင်း၏ မဲမသမာမှုပြုလုပ်သည်ကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁ဝ၉ ဖြင့် ဇန်နဝါရီ ၅ ရက်နေ့တွင် နောက်ထပ်တစ်မှုတရားစွဲခံထားရသည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပုကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်ခံထားရသည်။

 

ဆက်စပ် သတင်းများ