တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

၃ နှစ်ခန့်ချုပ်နှောင်ခံထားရသည့် လက္ကာရွာသား ၂၃ ဦးကို အပြီးသတ်အမိန့်ချရန် ၄ လခန့်ကြာ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေ၍ မိသားစုများ စိတ်ပျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

မြထွီးသျှင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၀/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်သံသယဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသား ၂၃ ဦးကို အပြီးသတ်အမိန့်ချမှတ်ရန် ၄ လခန့်အကြာ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေ၍ စိတ်ပျက်ကာ မတရားဟု ခံစားရကြောင်း မိသားစုဝင်များက ပြောသည်။
တရားစွဲခံနေရသူ ဒေါ်လှတင်နု (၄ဝ နှစ်)၏ အစ်မ ဒေါ်ဖြူမဦးက “အမိန့်ချမယ်ဆိုလည်း မချဘူး။ လွှတ်ဖို့ဆိုတော့လည်း မလွတ်ဘူး။ အဒေါ်တို့ကတော့ အပြစ်မရှိဘဲ ဖမ်းထားတဲ့အတွက် လွှတ်ပေးစေချင်တယ်။ မိသားစုတွေမှာလည်း အခက်အခဲတွေလည်းအများကြီးဖြစ်သွားပြီ။ ရုံးချိန်းတိုင်းသွားတွေ့ဖို့လည်း အခက်အခဲတွေနဲ့ နောက်ရုံးချိန်းဆိုရင်မသွားနိုင်တော့ဘူး။ သူတို့အားလုံးက ရွာသားအစစ်တွေပါ၊ အဲဒါတွေကို သူတို့ကမလွှတ်ဘဲနဲ့ထားတာကိုတော့ အဒေါ်တို့ယူကြုံးမရဘူး။ အဲဒါကြောင့် ဒီလိုလုပ်နေတာ မတရားလို့ထင်တယ်” ဟုပြောသည်။
လက္ကာရွာသား ၂၃ ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းချိန်းဆိုခဲ့ခြင်းဖြစ်သော်လည်း ချမှတ်ခြင်းမရှိသေးဘဲ အကြိမ်ကြိမ်ရုံးချိန်းရွှေ့ဆိုင်းနေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်ကလည်း အပြီးသတ်အမိန့်ချမည့်ရုံးချိန်းကိုချိန်းဆိုခဲ့သော်လည်း ယင်းနေ့တွင်လည်း အမိန့်တစ်စုံတစ်ရာချမှတ်ခြင်းမရှိဘဲ လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်အား ထပ်မံရုံးချိန်းဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးတရားစွဲခံထားရသူ မောင်ဦးလှမောင်၏မိခင် ဒေါ်စံသာနုကလည်း နိုင်ငံတော်မှတာဝန်ရှိသူများအနေဖြင့် သားသမီးချင်းကိုယ်ချင်းစာနာကာ အမြန်ဆုံးပြန်လွှတ်ပေးရန် အသနားခံလိုကြောင်း နိရဥ္စရာသို့ပြောသည်။
“အမှုလည်း တစ်ခုမှမရှိတော့ဘဲ ဒီလိုအကြာကြီးထားတာက အဒေါ်တို့အနေနဲ့ အများကြီးနစ်နာတယ်။ သူတို့အပြစ်တစ်စုံတစ်ရာလည်းမရှိဘဲ ဒီလိုခံနေရတော့ သူတို့ရဲ့စီးပွားရေးတွေအတွက်လည်း အများကြီးနစ်နာတယ်။ လူ့အခွင့်အရေးတွေကို ချိုးဖောက်ရာလည်းရောက်တယ်”ဟုပြောသည်။
၄င်းတို့ ၂၃ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀ (ဈ)၊ ၅၂ (က)၊ ၅၄ တို့ဖြင့် တရားစွဲခံနေရသည်မှာ ၃ နှစ်ခန့်ကြာမြင့်နေပြီဟု သိရသည်။
၄င်းတို့အနက် ၂၂ ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၌ မြောက်ဦးအခြေစိုက် ရဲတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် နောက်တစ်နေ့ ဧပြီ ၁ဝ ရက်တွင် စစ်ကြောင်းတစ်ခုက ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းသွားခြင်းဖြစ်သည်။
စတင်ဖမ်းဆီးစဉ်က ရွာသား ၂၇ ဦးဖြစ်ပြီး စစ်ကြောရေးတွင် ၃ ဦးသေဆုံးခဲ့ကာ လူငယ် နှစ်ဦးအားလည်း အသက်မပြည့်၍ လွှတ်ပေးခဲ့သဖြင့် ၂၂ ဦး ကျန်နေခဲ့သည်။
ယင်းနောက် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် လက္ကာရွာမှ အမျိုးသမီးတစ်ဦးကို မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမှ ထပ်မံ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်။
လက္ကာရွာသား ၂၃ ဦး တရားစွဲခံထားရသည့်ပုဒ်မများမှာ ထောင်ဒဏ် (၇) နှစ်နှင့် (၁၀)နှစ်အပြင် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မများဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ