တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူထောင်မှပြန်လွတ်လာသည့် လူငယ် ၁ ဦး ထပ်မံအဖမ်းခံရမှု ပြန်လည်စိစစ်ပြီး လွှတ်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

ထက်အောင်
နိရဥ္စရာ၊ မတ် ၁/ ၂၀၂၂
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ စနဲကျေးရွာမှ လူငယ် ၁ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျောက်ဖြူထောင်မှ လွတ်မြောက်လာစဉ် ပြန်လည်ဖမ်းဆီးခြင်းခံလိုက်ရသည့်အတွက် ပြန်လည်စိစစ်ကာ လွှတ်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်ထံ စာရေးသား တောင်းဆိုလိုက်ကြောင်း သိရသည်။
လွတ်မြောက်လာပြီးနောက် ဖမ်းဆီးခံရသူမှာ AA နှင့်ပတ်သက်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံနေရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာမှ မောင်မင်းစိုးနိုင် အသက်(၂၃) နှစ်ဖြစ်သည်။
သူ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျောက်ဖြူအကျဉ်းထောင်က လွှတ်ပေးခဲ့သော်လည်း ထောင်ဗူးဝတွင် ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ယင်းသို့ ပြန်လည်ဖမ်းဆီးလိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဟုဆိုကာ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံ မိသားစုက လာရောက်တိုင်ကြားခဲ့သည့်အတွက် မြန်မာနိုင်အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်တွင် စာပေးပို့ တောင်းဆိုထားကြောင်း ပြောသည်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “လွတ်ငြိမ်းချမ်းသာခွင့်မှာပါလာပေမယ့်လည်း ပြန်ပြီးဖမ်းဆီးသွားတာဖြစ်တယ်။ အဲဒါက မတရားဖမ်းဆီးချုပ်နှောင်မှု လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်တယ်ဆိုပြီးတော့ ပြန်လည်စိစစ်ပြီးလွှတ်ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဆီ စာရွက်စာတမ်းအပြည့်အစုံကို မနေ့က တင်ပေးလိုက်ပါတယ်” ဟု ပြောသည်။
ထိုစာကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲမှတဆင့် ပေးပို့တိုင်ကြားလိုက်ခြင်းဖြစ်ပြီး ကော်မရှင်အနေဖြင့် ပြန်လည်စိစစ်ပေးကာ လွှတ်ပေးမည်ဟု မျှော်လင့်ထားကြောင်း ဦးမြတ်ထွန်းက ဆက်ပြောသည်။
မောင်မင်းစိုးနိုင်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနောက် သူ့ကို အမ်းမြို့မရဲစခန်းမှ ကျောက်ဖြူခရိုင်တရားရုံးသို့ပို့ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံနေရဆဲဖြစ်သည်။
သူပြန်လည်ဖမ်းဆီးခံခဲ့ရသည့်နေ့တွင် ရခိုင်မှ AA နှင့်ပတ်သက်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မများဖြင့်တရားစွဲခံနေရသူများအနက် ၄၆ ဦးကို နစကကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ