တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဒီပါအတွက် အယူခံတင်ရန်အဆင်သင့်မဖြစ်နိုင်သေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

မြထွီးသျှင်
နိရဉ်စရာ၊ မတ် ၂၂/ ၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခြင်းကိုခံထားရသည့် ရခိုင်လူငယ်စာရေးဆရာ ကိုမင်းဒီပါအတွက် အယူခံတင်ရမည့်ရက်နီးကပ်လာနေပြီဖြစ်သော်လည်း အယူခံတင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ကိုမင်းဒီပါ၏ ရှေ့နေ ဦးကျော်စိုးလင်းက နိရဥ္စရာသို့ပြောသည်။
“တင်ဖြစ်ဖို့ရက်ကလည်း နီးသွားပြီဆိုတော့ တင်ဖို့၊ မတင်ဖို့ကို မသေချာတော့ဘူး။ အယူခံရက်ကျော်သွားရင်လည်း တင်ဖို့အဆင်မပြေတော့ဘူး။ မိတ္တူရခဲ့ပြီဆိုရင်လည်း ကျနော်တို့က အယူခံတက်ဖို့လျှောက်လွှာရေးရအုံးမယ်။ အချိန်သိပ်နီးသွားရင်တော့ အဆင်မပြေဘူး။ အဲဒီရုံးက ကြာနေတာပေါ့နော်” ဟုပြောသည်။
ကိုမင်းဒီပါအတွက်အယူခံကို ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ တင်သွင်းရမည့်နောက်ဆုံးရက်မှာ မတ်လ ၂၅ ရက်ဖြစ်သော်လည်း မြောက်ဦးခရိုင်တရားရုံးမှ တာဝန်ခံ၏စာမိတ္တူအား လက်ခံမရရှိသေးသည့်အတွက် ယခုကဲ့သို့ ကြန့်ကြာနေခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုမင်းဒီပါ(ခ) ကိုအောင်နိုင်မြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည့်အပေါ်တွင် ကျေနပ်မှုမရှိသဖြင့် ယခုကဲ့သို့အယူခံတက်ရန်ပြင်ဆင်နေရခြင်းဖြစ်ကြောင်း အစ်ကိုဖြစ်သူ ကိုအောင်မြင့်က ပြောသည်။
“အယူခံတင်မဲ့အပေါ်အကောင်းဆုံးတော့ မျှော်လင့်ထားပါတယ်။ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကိုတော့ မသိဘူးလေ။ အစစအရာရာကိုတော့ အကောင်းဆုံးမျှော်လင့်ပါတယ်” ဟုပြောသည််။
ကိုမင်းဒီပါကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် မြောက်ဦးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်ဟု သိရသည်။
သူ့ကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ၎င်း၏နေအိမ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပုဒ်မ ၅ဝ(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ PDF နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးအမှုဖွင့်တရားစွဲခံထားရသူနောက်ထပ် ၉ ဦးရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ