သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်မှအကြမ်းဖက်မှုဖြင့်ထောင်ချခံထားရသူများ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချိန်တွင် ပြန်လွှတ်လာမည်ကိုမိသားစုများမျှော်လင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k

မြထွီးသျှင်
နိရဉ္စရာ၊ မေ ၂/၂၀၂၂
လက်ရှိ စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးဖိတ်ခေါ်ထားချိန်တွင် ရခိုင်ပြည်နယ်မှ အကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချထားသူများ ပြန်လွှတ်လာမည်ကို မျှော်လင့်နေကြသည်ဟု မိသားစုများက ပြောဆိုသည်။
မောင်တောမြို့မှ ထောင်ချခံထားရသည့် ကိုညီညီနိုင်၏ မိသားစုဝင်တစ်ဦးက “ အခုက ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားချိန်ဆိုတော့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး သူတို့ကို လွှတ်ပေးသင့်တယ်။ တကယ်ဆို အေအေကို အကြမ်းဖက်မှုကို ပယ်ဖျက်လိုက်ပြီဆိုကတည်းက အကြမ်းဖက်မှုနဲ့ ထောင်ချစရာ အကြောင်းက မရှိတော့ဘူး။ ထောင်ချတယ်ဆိုကတည်းက ဥပဒေကို အယုံအကြည် မရှိပေမယ့် သူတို့ကို လွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံလိုက်ရသူ ဦးခင်မောင်လှ၏ ဇနီးဖြစ်သူ ဒေါ်သန္တာလှိုင်က “အကြမ်းဖက်မှုနဲ့ဖမ်းထားတာ နှစ်နှစ်ကျော်နေပြီး အချုပ်ထဲမှာ ပြီးမှ ထောင်ချတယ်ဆိုတာကတော့ မတရားဘူးလို့မြင်တယ်။ အမှန်ဆိုရင် အေအေကို အကြမ်းဖက် အသင်းက ရုတ်သိမ်းထားပြီဆိုရင် ဒီအမှုတွေကို လွတ်ပေးသင့်တယ်။ နှစ်ရှည်လများ ချုပ်နှောင် ထားပြီးမှ ဒီလိုထောင်ချတာက မတရားဘူး။ အခု ငြိမ်းချမ်းရေး အသံကြားတော့ လွှတ်လာမလားလို့ မျှော်လင့်နေမိပါတယ်” ဟုပြောသည်။
ထောင်ချမှတ်ခံထားရသူ မြောက်ဦးမြို့နယ် ဂုဏ်ကျွန်းရွာက ကိုကျော်မင်းနိုင်၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းနုက " ကျွန်မသား ကိုလည်း တစ်ခြားသူတွေ လွတ်သလိုမျိုး တန်းတူလွတ်စေချင် ပါတယ်လို့ ပြောဆိုထားပြီးပါပြီ။ အခုလည်း ပြန်လွတ်လာလိမ့်မယ်လို့တော့ အချိန်တိုင်း မျှော်လင့်နေတာပါပဲ " ဟု ပြောသည်။
ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က “အကြမ်းဖက်ကို ပယ်ဖျက် ထားတယ်ဆိုကတည်းကနေ အကြမ်းဖက်နဲ့ စွဲဆိုခွင့်လည်းမရှိတော့ဘူး။ အမိန့်ချခွင့်လည်း မရှိတော့ဘူး။ အဲဒါကြောင့် တခြားပုဒ်မနဲ့ စွဲတယ်ဆိုရင်တောင် ဆရာတို့နားလည်လို့ ရသေးတယ်။ ဒီပုဒ်မနဲ့ အမိန့်ချတယ် ဆိုတာကတော့ ဒါဟာ အရမ်းရုပ်ဆိုးလွန်းတယ်လို့မြင်တယ်” ဟုပြောသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက မောင်တောမြို့နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၀(ဈ)၊ ၅၀(က)နှင့် ၅၁(က)တို့ဖြင့် မောင်တော နယ်ခံအမျိုးသား ၄ ဦးကို နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းပြင် ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များတွင် အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားသူ (၇၀) ကျော်ခန့် ရှိနေသေးသည်ဟု သိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားပြီး ကိုယ်တိုင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်နေ့က ထုတ်ဖော်ပြောဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲတက်ရောက်မည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်စာရင်းများကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ကို နောက်ဆုံးထား အကြောင်းပြန်ပေးရန် ပြောဆိုသည်။
စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့အစည်း ၂၁ ဖွဲ့အနက် ၁၇ ဖွဲ့ဖြင့် အဆက်အသွယ် ရရှိထားပြီဖြစ်ကြောင်း ဧပြီ ၂၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဆက်စပ် သတင်းများ