အင်္ဂါ၊ အောက်တိုဘာလ ၁ရက်၊ ၂၀၂၄

တောင်ကုတ် မြို့မရဲစခန်းမှ AAနှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ နောက်ထပ် ၃ ဦးကို စစ်တပ်က ကြိုးတုပ်ပြီးထပ်မံခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 416

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့၊  မြို့မရဲစခန်းမှ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို ယမန်နေ့က စစ်တပ်က ကြိုးတုပ်ပြီး  ထပ်မံခေါ် ဆောင်သွားသည်ဟု သတင်းရရှိသည်။

၎င်းတို့ ၃ ဦးမှာ တောင်ကုတ်မြို့မတိုက်နယ်မှ ဦး ကျောက်ဖြူ၊ ကန်ပိုင်ရပ်ကွက်မှ ဦးကြာနီအောင်နှင့် ဦးထွန်းကြွယ်ဖြစ်ကြသည်ဟု သိရသည်။

တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက" မနေ့က နောက်ထပ်သုံးယောက်ကို ခမရ (၃၄၆) က  စစ်သားတွေ လာခေါ်သွားတယ်။ လက်တွေကို ကြိုးနဲ့တုပ်ပြီး ခေါ်သွားတယ်။ ဟိုနေ့က တစ်ယောက်ကို ခေါ်ပြီး  မနေ့က နောက်တပ် သုံးယောက်ကိုထပ်ခေါ်သွားဝာာ" ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

၎င်းတို့ ၃ ဦးသည် တောင်ကုတ်မြို့မ ရဲစခန်းတွင်  အာရက္ခတပ်တော် (AA)သံသယဖြင့် ဖမ်းဆီး ခံထားရသူများ ဖြစ်ကြပြီး အမှုရင်ဆိုင်နေကြရသူများဖြစ်ကြောင်း ၎င်းကပြောသည်။

တောင်ကုတ်အချုပ်ခန်းထဲမှ ခေါ်ဆောင်ခံရသူ ၄ ဦးရှိနေပြီး ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သည်ကို မသိရှိရသေးဟု  မိသားစုများက ပြောသည်။

သူတို့နှင့် နီးစပ်သည့် တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက  " စစ်တပ်ထဲအခေါ်ခံရတာ ၄ ယောက် ရှိပြီ။ သူတို့ကို တစ်နေရာတည်းမှာ ထားတာမဟုတ်ဘူးလို့ ဒီနေ့သိရတယ်။ ခွဲပြီးထားထားတာ။ တစ်ယောက်နဲ့ တစ်ယောက်ကို ခွဲပြီး စစ်ဆေးနေတယ်လို့ကြားရတယ်" ဟုပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်ကလည်း  တောင်ကုတ်မြို့မရဲစခန်းတွင် ချုပ်နှောင် ခံထားရသည့် ကိုကျော်ဝင်းချေကို  စစ်တပ်က အရေးပေါ်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။

တောင်ကုတ်တွင် အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီးနောက် အခုလို AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများကို စစ်တပ်က ရဲစခန်းအချုပ်ကနေ စစ်တပ်သို့  ခေါ်ယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့တွင်  စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၅၊ ခြေမြန်တပ်ရင်း (ခမရ) ၅၄၄ နှင့် ခမရ ၃၄၆ တို့ရှိပြီး AA မှ ၎င်းစစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ