သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်ဆေးရုံမှ အထက်တန်းသူနာပြုတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 720

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၅ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြုတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးပြီး စစ်တပ်ထဲ ဖမ်းချုပ်ထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရသူမှာ အသက်(၄၅)နှစ်အရွယ် အထက်တန်းသူနာပြု ဒေါ်ချိုချိုမောင် ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

၄င်းကို စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)တပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၆ ရက်၊ ညနေ ၆ နာရီကျော်တွင် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက် တာဝတိံသာလမ်းရှိ နေအိမ်မှဖမ်းဆီးခေါ်ယူသွားခြင်းဖြစ်ကြောင်း မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။

"သီတင်းမကျွတ်ခင် အဖိတ်နေ့ ညနေပိုင်းက တာဝတိံသာလမ်းကအိမ်ကနေ လာဖမ်းသွားတာ။ AA နဲ့ဆက်စပ်တယ်ဆိုပြီး ခေါင်းစဥ်တပ် ဖမ်းတာလို့ သိရတယ်"ဟု ပြောသည်။

ဒေါ်ချိုချိုမောင်ကို စစ်ကောင်စီကဖမ်းဆီးသည့် အချိန်တွင် တောင်ကုတ် အပါအဝင် ရခိုင်မြို့နယ်များတွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက ဒေါ်ချိုချိုမောင်အား တောင်ကုတ်စကခ(၅) ထဲတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း တောင်ကုတ်ဆေးရုံအသိုင်းအဝိုင်းနှင့်နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

"သူ့ကိုဖမ်းပြီးကတည်းက စစ်တပ်ထဲမှာ ချုပ်ထားတာသိရတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့်အဆက်အသွယ်ရ/မရသိနိုင်ရန် နိရဉ္စရာက မိသားစုဝင်အချို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်းကိစ္စကိုဖြေဆိုရန်ငြင်းဆန်ခဲ့သည်။

ဒေါ်ချိုချိုမောင်သည် တောင်ကုတ်ဆေးရုံတွင်တာဝန်ကျနေသည့် အထက်တန်းသူနာပြု တစ်ဦးဖြစ်သလို ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းတွင် ရွှေစင်အမည်ရှိ ဆေးဆိုင်ကို ဖွင့်လှစ်ထားသူဖြစ်ကြောင်း သိရသည်။

ဒေါ်ချိုချိုမောင်၏ အမျိုးသားဖြစ်သူမှာလည်း အာရက္ခတပ်တော် (AA) နှင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးရန်ကြိုးစားသည့်အတွက် ရခိုင်တိုက်ပွဲ စတင်ချိန်ကပင် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်းမြို့ခံများက ပြောသည်။

ဆက်စပ် သတင်းများ