- Web Master
- ၀၁ အောက်တိုဘာ ၂၀၂၄
(ထွက်ပြေးသွားသည့်ကားဒရိုင်ဘာ ရဲစခန်းသို့ လာရောက်အဖမ်းခံ)
မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၃ /၂၀၂၄
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကျောင်းသား ၂၂ ဦးနှင့်
ဆရာမ ၃ ဦးသေဆုံးခဲ့ရသည့် ဘတ်စ်ကားတစ်စီးမီးလောင်မှုကြောင့် ကားဒရိုင်ဘာကို
ပုဒ်မလေးခုဖြင့်တရားစွဲထားသည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနဖော်ပြချက်အရ သိရသည်။
ကားဒရိုင်ဘာ Samarn Chankut (၄၈)နှစ်ကို
မဆင်မခြင်မောင်းနှင်မှု၊ လူအသေအပျောက်ဖြစ်အောင်မောင်းနှင်မှု၊ ပေါ့လျော့မှု၊
မတော်တဆမှုဖြစ်ပြီးနောက်မှာ အကူအညီပေးရန်ပျက်ကွက်မှုစသည့်ပုဒ်မလေးခုဖြင့်
ထိုင်းရဲတပ်ဖွဲ့က တရားစွဲထားခြင်းဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။
Samarn Chankut မောင်းနှင်လာသည့် လေ့လာရေးဘတ်စ်ကားသည် ပထုံဌာနီခရိုင်၊ ဝပ်ခေါင်ဖရာစာသင်ကျောင်းမှတဆင့် Bang Kruai ခရိုင်ရှိ
ထိုင်းလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့၏ ပြပွဲသို့ အောက်တိုဘာ ၁ ရက်က
လေ့လာရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့သွားစဥ် ယင်းနေ့ နေ့လယ်တွင်
ခူခေါ့ရဲစခန်းအပိုင် ဇီယာ ရန်စစ် စျေးဝယ်စင်တာအရှေ့သို့အရောက် ကားရှေ့ဘက် တာယာတစ်လုံး ပေါက်ကွဲသွားပြီးနောက် အရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးရှိ သတ္တုအတားအဆီးများကို တိုက်မိကာ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု
ဆိုသည်။
ကားပေါ်တွင် အသက် ၆ နှစ်နှင့် ၁၅ နှစ်ကြားရှိ Grade-1 မှ Grade-9 ကျောင်းသူ၊ ကျောင်းသား ၃၈ ဦးနှင့် ဆရာ၊ ဆရာမ
၆ ဦး၊ စုစုပေါင်း ၄၄ ဦး လိုက်ပါလာခဲ့သည်ဟု သိရသည်။
ကားမီးလောင်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၂၂ ဦးနှင့် ဆရာမ ၃
ဦးမှာ ကားပေါ်တွင်ပိတ်မိ၍ သေဆုံးခဲ့သည်ဟု သတင်းများက ဆိုသည်။
၁၉ ဦးမှာ ကားအပြင်သို့ ထွက်လာနိုင်ခဲ့ပြီး ယင်းအနက် ၁၆ ဦးမှာ
ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
ကားဒရိုင်ဘာ Samarn Chankut သည်
အခင်းဖြစ်ပွားခဲ့ချိန်က ထွက်ပြေးသွားခဲ့သော်လည်း ယင်းနေ့ညတွင်
ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သည်ဟုလည်း သိရသည်။
ဓာတ်ပုံ - Fire & Rescue Thailand
Ref- Bangkok Post