သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ ရွှေဆိုင်တစ်ခုမှ ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ ရွှေထည်များကို ဓါးပြတိုက်သွားသူ ၂ ဦးအနက် ၁ ဦးကို ၆ နာရီအတွင်း ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ရွှေဆိုင်တစ်ခုကိုဓားပြတိုက်ပြီး ကျပ်သိန်း ၆၆၀ တန်ဖိုးရှိ ရွှေထည်များကို လုယက်ယူဆောင်သွားခဲ့သည့် တူဝရီးတော်စပ်သူ  ၂ ဦးအနက် ၁ ဦးကို ၆ နာရီအတွင်း ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု တောင်ကုတ်ရဲတပ်ဖွဲ့မှ နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဇာတိဖြစ်ပြီး အသက်(၃၂)နှစ် အရွယ် ကိုထွန်းမောင်(ခ)လုံးထွန်းအောင်ဖြစ်သည်။

သူ့ကို ဇူလိုင်လ ၂၇ ရက်၊ ည ၉ နာရီခွဲခန့်က တောင်ကုတ်မြို့နယ်၊ လမူးမော်ကျေးရွာ အမှတ်(၅)ရပ်ကွက်၊ ခွေးတောက်ချောင်းအနီးရှိ လယ်တဲတစ်လုံးတွင် ဒေသခံများနှင့် တာဝန်ရှိအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

"ဦးလေးဖြစ်တဲ့ ထွန်းမောင်(ခ)လုံးထွန်းအောင်ကိုတော့ ခွေးတောက်ချောင်းနားက လယ်တဲမှာဖမ်းမိတယ်။ ဆိုင်ကယ်နဲ့ပြေးကြတာကို သူကအဲ့ဒီအနားမှ ဆင်းကျန်ခဲ့တာ ထင်တယ်။ အာရုံလွှဲတဲ့သဘောလားတော့မသိဘူး။ သူ့ရဲ့တူကိုတော့ မမိသေးဘူး။ ဆိုင်ကယ်တော့ ရထားတယ်"ဟု ပြောသည်။

သူနှင့်အတူ ဓားပြတိုက်ရာတွင် ပါသွားခဲ့သည့် ရွှေထည်များကိုလည်း ပြန်လည်ရရှိခဲ့သည်ဟု ဆိုသည်။

သူသည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိကားဝပ်ရှော့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ပြီး သေနတ်အတုဖြင့် တူဝရီးနှစ်ဦး ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် သူ့ကို တောင်ကုတ်ရဲစခန်းတွင်ဖမ်းဆီးထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ကျန် ၁ ဦးကိုဖမ်းမိနိုင်ရေး ကြိုးစားနေသည်ဟုလည်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

ရွှေဆိုင်ဓားပြတိုက်မှုမှာ ယင်းနေ့၊ မွန်းလွဲ ၃ နာရီခန့်က တောင်ကုတ်မြို့၊ ဂူတာရပ်ကွက် ပန်းတောင်း-တောင်ကုတ်လမ်းမဘေး တောင်ကုတ်မြို့နယ်ခန်းမ အနီးရှိ ဖွင့်လှစ်ထားသော ဦးသန်းဌေး၏ ရွှေပွင့်အိမ်ရွှေဆိုင်တွင် ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည

အဆိုပါရွှေပွင့်အိမ်ရွှေဆိုင်သို့ ဆိုင်ကယ်နှင့်လူငယ်အမျိုးသားနှစ်ဦက သေနတ်တစ်လက်ဖြင့် ဝင်ရောက်လာပြီး ဓားပြတိုက်ကာ ရွှေဆိုင်ရှိ မှန်များကိုခွဲ၍ ရွှေထည်ပစ္စည်းများအား ဘေးလွယ်အိတ်နှစ်လုံးဖြင့် အပြည့်ထည့်သိပ်ယူဆောင်သွားခြင်းဖြစ်သည်။

အဆိုပါဓားပြတိုက်မှုတွင် စုစုပေါင်း ရွှေကျပ်ချိန် ၂၀ ခန့်ရှိသည့်ရွှေဆွဲကြိုး၊ ရွှေဘယက်၊ ရွှေဆွဲသီး၊ ဟမ်းချိတ်တို့ပါသွားပြီး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၆၆၀ ခန့် တန်ဖိုးရှိကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။

ယခုဓားပြတိုက်သည့်နေရာအနီးတွင်၊ တောင်ကုတ်မြို့နယ်ခန်းမ၊ မြို့နယ်လျှပ်စစ်ရုံး၊ ဂူတာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ဆိုင်ကယ်ဂိတ်တို့ရှိပြီး လူစည်ကားရာမီးပွိုင့်အနီးဖြစ်သည်ဟု မြို့ခံများက ပြောသည်။ (NN-12/23)

ဓာတ်ပုံ - U Kyauk Taung

ဆက်စပ် သတင်းများ