တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ်အနီးတိုက်ပွဲဖြစ်၊အာဆာတစ်ဦးသေဆုံးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၁၂ / ၂ဝ၂၁

ရခိုင်ပြည်နယ်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်မိုင်တိုင် အမှတ် (၅၁) အနီးတွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က နယ်ခြားစောင့်ရဲတပ်နှင့် အာဆာအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဆာတစ်ဦးသေဆုံးသွားခဲ့သည်ဟု  သတင်းရရှိသည်။

တိုက်ပွဲမှာ မိနစ် ၃ဝ ခန့်ဖြစ်ပွားခဲ့ပြီး အာဆာအဖွဲ့မှ တစ်ဦးသေဆုံးကာ နယ်ခြားစောင့်တပ်မှ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သာလှက နိရဥ္စရာသို့ ပြောသည်။

“ အာဆာအဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ကြတာပါ။ အာဆာအဖွဲ့က အလောင်းတစ်လောင်းနဲ့ သေနတ်တစ်လက်ရပါတယ်။ နယ်ခြားစောင့်အဖွဲ့ကလည်း ရဲတပ်သားတစ်ယောက် ဒဏ်ရာရပါတယ်။ အဲဒီ ရဲသားမှာတော့ ခါးမှာနှစ်ချက်၊ လက်မောင်းမှာ နှစ်ချက်၊ လေးချက် ဒဏ်ရာရသွားတယ်” ဟုပြောသည်။

ဒဏ်ရာရရှိသွားသော ရဲသားအား မောင်တောဆေးရုံသို့  ယူဆောင်သွားသည်ဟု သူကဆက်ပြောသည်။

မောင်တောမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ရဲက တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောသည်။

 “ မနက်က ဖြစ်ကြတယ်လို့ပြောတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကိုလည်း မသိဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ။ အထိအခိုက်တွေကို သိချင်ရင်တော့ နယ်ခြားစောင့်တွေကို တချက်မေးကြည့်လိုက်ပါ။” ဟုပြောသည်။

မိုင်တိုင်အမှတ် (၅၁) မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးအား ဆက်သွယ်ခဲ့ရာ သူအနေဖြင့် ဖြေဆိုခွင့်မရှိဟုဆိုကာ ဖုန်းချသွားခဲ့သည်။

ဆက်စပ် သတင်းများ