တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ရဟတ်ယာဉ်ပျက်ကျကာ တပ်ဖွဲ့ဝင်လေးဦးပျောက်ဆုံးမှုဖြစ်ပေါ်ပြီးနောက် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များ ဩစတြေးလျရပ်ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 596

ပြီးခဲ့သည့် စနေနေ့က အမေရိကန်တပ်များနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဉ် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပစိဖိတ်သမုဒ္ဒရာပေါ် ပျက်ကျခဲ့ပြီး တပ်ဖွဲ့ဝင် လေးဦး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ဩစတြေးလျက အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်က ဩစတြေးလျ​၏ MHR-90 Taipan အမျိုးအစား ရဟတ်ယာဉ်သည် လေ့ကျင့်မှုပြုလုပ်နေစဉ် သောကြာနေ့ညပိုင်းက ကွင်းစလန်းပြည်နယ်၊ ဟာမီလ်တန်ကျွန်အနီး ရေပြင်ပေါ်တွင် ပျက်ကျသွားခဲ့သည်ဟု ဆိုသည်။

အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့မှ စစ်သည် ၃၀၀၀၀ ပါဝင်ကာ နှစ်ပတ်ကြာပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုအတွင်း ယခုကဲ့သို့ ပျက်ကျသွားခြင်းဖြစ်သည်။

" ကျွန်တော်တို့ပြောခဲ့သလိုပဲ ရဟတ်ယာဉ်ပေါ် ပါ တပ်ဖွဲ့ဝင်လေးဦးကို တစ်ညလုံး ရှာခဲ့ပေမယ့် ရှာဖွေလို့ မတွေ့သေးပါဘူး" ဟု ဩစတြေးလျကာကွယ်ရေးဝန်ကြီးမာလက်စ်က ဆိုသည်။

ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။


တာလီစ်မန် ဆာဘရီTalisman Sabre ဟု ခေါ်တွင်သည့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် တာဝေးပစ်လက်နက်ကြီးများ စမ်းသပ်ပစ်လွှတ်ခြင်း၊ လေကြောင်း နှင့် မြေပြင်စစ်ဆင်ရေးတို့ပါဝင်ပြီး အနောက်အုပ်စု စစ်ရေးမဟာမိတ်တို့​၏ စစ်အင်အားကို ပြသရန် ရည်ရွယ်သည်။

စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်သည် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နှင့်အတူ ဩစတြေးလျသို့ ရောက်ရှိနေပြီး အစည်းအဝေး ပြုလုပ်လျှက်ရှိသည်။

ဩဂုတ်လ(၄)ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ရပ်ဆိုင်းထားမည်လား၊ ဆက်လက်ပြုလုပ်မည်လား ရှင်းရှင်းလင်းလင်းမသိရှိရသေးဟု ဆိုသည်။

ဩစတြေးလျသည် ၎င်း​၏ လက်နက်ကိုင်တပ်ဖွဲ့ကို အလုံးစုံပြောင်းလဲပစ်ရန် ကြိုးစားနေပြီး တစ်ချိန်တွင် ရန်သူဖြစ်လာနိုင်သည့် တရုတ်ကို ရည်ရွယ်၍ တာဝေးအထိ ပစ်ခတ်န်ုင်သည့် လက်နက်များ အားဖြည့်လျှက်ရှိသည်။

ထပ်မံရရှိသော သတင်းများအရ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဩစတြေးလျ လေတပ်သည် လက်ရှိအသုံးပြုနေသော ဥရောပလုပ် MRH-90 Taipan ရဟတ်ယာဉ် ၄၅ စီးကို ဆက်လက်အသုံးမပြုတော့ဘဲ အဆိုပါရဟတ်ယာဉ်များနေရာတွင် အမေရိကန်လုပ် Black Hawks တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် အစားထိုးအသုံးပြုသွားမည်ဟု သိရှိရသည်။

NN-27

Ref: can

ဆက်စပ် သတင်းများ