တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပန်းကန်ပြားပျံဟု လူသိများသည့် အမျိုးမည်မသိ ယာဉ်ပျံများ (UFO) တွေ့ရှိမှုနှင့်ပတ်သက်၍ အမေရိကန် လွှတ်တော်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 524

ပြီးခဲ့သည့် ဇူလိုင်လ(၂၆)ရက်က အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ အောက်လွှတ်တော် နယ်ခြား နှင့် နိုင်ငံခြားရေးရာ ဆပ်ကော်မတီက ပန်းကန်ပြားပျံဟု လူသိများသည့် အမျိုးအမည်မသိ ယာဉ်ပျံများ ( Unidentified Flying Objects) တွေ့ရှိခဲ့မှုနှင့် စပ်လျဉ်းပြီး ကြားနာစစ်ဆေးမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ကြားနာစစ်ဆေးမှုတွင် အမျိုးအမည်မသိယာဉ်ပျံများ(UFO)ကို တွေ့ရှိခဲ့သည်ဟုဆိုသော အမေရိကန် စစ်ပြန်သုံးဦးပါဝင်သည်။

ကောင်းကင်တွင် ပျံသန်းနေသော အမျိုးအမည်မသိယာဉ်ပျံများ (UFO) ကို ယခုနောက်ပိုင်းတွင် အမည်မဖော်နိုင်သည့် ထူးဆန်းသောအရာ ( Unidentified Anomalous Phenomena ) UAP ဟု ခေါ်ဝေါ် သုံးစွဲသည်။

ယခုကဲသို့ စုံစမ်းစစ်ဆေးမှုပြုလုပ်ရခြင်းမှာ အမေရိကန်လေတပ် ထောက်လှမ်းရေး အရာရှိဟောင်း ဒေးဗစ် ဂရပ်ရှ်ဆိုသူက အမေရိကန်အစိုးရသည် လူသားမဟုတ်သည့် ဉာဏ်ရည်ရှိ အရာဝတ္ထု သက်သေများကို လျှို့ဝှက်သိမ်းဆည်းထားသည်ဟု ဆိုလိုက်သောကြောင့်ဖြစ်သည်။


အမျိုးအမည်မသိယာဉ်ပျံများ( UFO) သို့မဟုတ် ပန်းကန်ပြားပျံများ စတင်တွေ့ရှိမှုသည် ကမ္ဘာကျော် စာရေးဆရာကြီး HG Wells ၏ ကမ္ဘာများ၏ စစ်ပွဲ War of the Worlds စာအုပ်ထွက်ရှိပြီး နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်မှစ၍ အမေရိကန်ကောင်းကင် နှင့် ကမ္ဘာအရပ်ရပ်တွင် ထူးဆန်းသော ပျံသန်းနေသည့် အရာဝတ္ထုများကို တွေ့ရှိလာကြသည်။ ၁၉၆၈က ထုတ်ဝေခဲ့သည့် စာရေးဆရာ အဲရစ် ဗွန် ဒါနီကင်၏ Chariots of the Gods? စာအုပ်တွင် ရှေးဟောင်းကမ္ဘာမြေကို တခြားကမ္ဘာမှ ဂြိုလ်သားများ အလည်ရောက်လာပုံကို ဖော်ပြထားသည်။

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်လေတပ် တိုက်လေယာဉ်များသည် အမျိုးမည်မသိယာဉ်ပျံများ (UFO) ကို ပိုမိုတွေ့ရှိလာခဲ့သည်ဟု ဆိုသည်။ ခေတ်သစ် အမျိုးအမည်မသိ ယာဉ်ပျံ တွေ့ရှိမှုသည် ၁၉၄၇ခုနှစ် ဇွန်လ ၂၄ ရက်တွင် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ကက်နက် အာနိုးလ်က ဝါရှင်တန် ရိုင်းနီးယာတောင်အနီး လေယာဉ်တစ်စီးနှင့် ပျံသန်းနေစဉ် အလင်းရောင်တောက်ပနေသော ပန်းကန်ပြားပုံသဏ္ဍာန် အရာဝတ္ထု (၉)ခုအား စတင်တွေ့ရှိရာမှ အစပြုခဲ့သည်။

နှစ်ပတ်အကြာတွင် နယူးမက္ကဆီကို ရော့စ်ဝဲလ်အနီး၌ လယ်သမားတစ်ဦးက အမျိုးမည်မသိ အပျက်အစီးများကို တွေ့ရှိခဲ့ပြန်သည်။ ထို့နောက်ပိုင်းတွင် UFO တွေ့ရှိမှု ပိုမိုများပြားလာခဲ့သည်။


အမေရိကန်လွှတ်တော် ကြားနာစစ်ဆေးမှုတွင် အမေရိကန် လေယာဉ်မှူးဟောင်း ရိုင်ယန်ဂရေ့ဗ်က ခရီးသည်တင် လေကြောင်းလိုင်းများမှ လေယာဉ်မှူးများသည် စစ်ရေးလေပိုင်နက်အတွင်း အမျိုးအမည် မသိရသောအရာဝတ္ထုများကို တွေ့ရှိရကြောင်းနှင့် ၎င်းတို့ကို အမျိုးသား လုံခြုံရေးအတွက် အရေးပေါ် စိစစ်ရန်လိုအပ်သည်ဟု တင်ပြခဲ့သည်။

သို့သော် ခိုင်လုံသည့် သက်သေအထောက်အထားကိုမူ မပြသနိုင်ခဲ့ပေ။

အမေရိကန်စစ်ပြန် ဒေးဗစ် ဖရေဗာ ကလည်း သူနှင့် အခြားလေယာဉ်မှူး သုံးဦးတို့  ၂၀၀၄ ခုနှစ်က ပစိဖိတ်သမုဒ္ဒရာပေါ်တွင် အမည်မသိယာဉ်ပျံများ တွေ့ရှိခဲ့ကြောင်း၊ အနီးသို့ ချဉ်းကပ်ကြည့်ရာတွင် အဆိုပါအရာဝတ္ထုတွင် သိသာထင်ရှားသည့် ပန်ကာ၊ တောင်ပံနှင့် အင်ဂျင်အစိတ်အပိုင်းမတွေ့ရဘဲ ချက်ချင်းပျောက်သွားကြောင်း၊ စက္ကန့်အနည်းငယ်အကြာတွင် ပြန်ပေါ်လာရာ မိုင် ၆၀ ခန့် ဝေးသွားသည့် အတွက် အသံထက်မြန်သော ပျံသန်းနှုန်းရှိကြောင်း ပြောပြသည်

စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ ဒေးဗစ် ဂရပ်ရှ်၏ တင်ပြချက်ဖြစ်သည်။

သူက အမေရိကန်အစိုးရသည် မူလအတိုင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်း မူလအတိုင်းရှိနေသေးသည့် အမျိုးမည်မသိ အရာဝတ္ထုများကို သေချာပေါက် လျှို့ဝှက်သိမ်းဆည်းထားသည်ဟု ဆိုသည်။ လေးနှစ်တာကာလအတွင်း သူသည် " လူသားမဟုတ်သော သက်ရှိဇီဝ" ( non-human biologics ) များအား ပျက်ကျသောနေရာများမှ ဖော်ထုတ်တွေ့ရှိခဲ့သူအများအပြားကို တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဆိုသည်။

သို့သော် လွှတ်တော် ကြားနာစစ်ဆေးမှုအတွင်း ဒေးဗစ် ဂရပ်ရှ်သည် ခိုင်လုံသည့် သက်သေ အထောက်အထား ပစ္စည်း တစ်စုံတရာ တင်ပြနိုင်ခြင်း မရှိခဲ့ပေ။

လွှတ်တော်ကြားနာစစ်ဆေးမှုအပြီးတွင် အမျိုးအမည်မသိယာဉ်ပျံများ တွေ့ရှိခဲ့မှုနှင့်ပတ်သက်၍ တိကျခိုင်မာသော အဖြေတစ်ရပ်ကို မထုတ်နိုင်ခဲ့ဘဲ မေးခွန်းအဖြစ်နှင့်သာ ကျန်ရစ်ခဲ့သည်။

အမျိုးအမည်မသိယာဉ်ပျံများ(UFO) အမှန်တကယ်ရှိသလား၊ စိတ်ကူးယဉ် လုပ်ဇာတ်သက်သက်လား၊ ယခုအချိန်အထိ တိကျသောအဖြေတစ်ရပ် မထုတ်နိုင်သေးဟု သိရှိရသည်။

 

NN-27

Ref: the dailystar



ဆက်စပ် သတင်းများ