- Web Master
- ၁၈ အောက်တိုဘာ ၂၀၂၄
ကံ့ကော်နီနီ
- ရေးသည်။
(၁)
အကာအရံသံစူးကြိုးတွေ
အထပ်ထပ်နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အမြဲလိုလိုကြားရလေ့ရှိတဲ့ ယူနီဖောင်းဝတ်
စစ်သားတွေရဲ့ ခက်ထန်ကြမ်းတမ်းစကားလုံးတွေကို ဒီတစ်ခေါက်ခရီးသွားချိန်မှာ
ယောင်လို့တောင် မကြားရတော့...။
အရင်ကဆိုရင်
စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေက အဖေအရွယ်... အဖိုးအရွယ်မှ မထောက်
ရိုင်းစိုင်းကြမ်းတမ်းစွာဆဲဆိုတာတွေ၊ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကင်းမဲ့စေတဲ့အထိ
မကြားဝံ့မနာသာ နှုတ်အရသာခံပြောဆိုစော်ကားမှုတွေ၊ ငွေညှစ် တောင်းခံတာတွေ၊
နေပူခေါင်ခေါင်ထဲ ဆိုင်ကယ်ဆင်းတွန်းခိုင်းတာတွေ၊ အရွယ်ကောင်း လူငယ်ခရီးသွားတွေကို
မထင်ရင်မထင်သလို သူပုန်ခေါင်းစဥ်တပ် ဖမ်းဆီးတာတွေ၊
ဖြတ်သန်းသွားလာသူတွေကို လိုက်လံပစ်ခတ်တာတွေအထိ ပျော်ပျော်ကြီးပြုမူကျူးလွန်ခဲ့ကြတယ်။
အဲဒီ
စစ်ဆေးရေးဂိတ်တွေမှာ အရင်က တွေ့ရလေ့ရှိတဲ့
ယူနီဖောင်းဝတ်စစ်သားတွေကို အခုအခါ အရိပ်အယောင်မျှ မတွေ့ရတော့ပြီ။
နှစ်ပရိစ္ဆေဒများစွာ ရခိုင်ပြည်သူတွေရဲ့ စိတ်နှလုံးထဲမှာ
မုန်းတီးစိတ်နဲ့ အကြောက်တရားတစ်ခုအဖြစ်သာ ပုံဖော်ကြည့်လို့ရခဲ့တဲ့
ယူနီဖောင်းဝတ် စစ်သားတွေမရှိတော့လေပြီ။
အခုတော့
အဲဒီစစ်သားတွေနေရာမှာ ဝံလက်တံဆိပ်ယူနီဖောင်းနဲ့ ပြည်သူအပေါ် ယဥ်ကျေးပျူငှာရှိတဲ့ အာရက္ခတပ်တော်(AA)ရဲ့ စစ်သည်တော်တွေ၊
ပျိုမြစ်ငယ်ရွယ်တဲ့ အားမာန်အပြည့်နဲ့ ဆယ်ကျော်သက် နှစ်ဆယ်အရွယ် စစ်သည်တွေသာ
နေရာယူထားခဲ့လေပြီ။ အခုတော့ ဖိနှိပ်ခံဘဝရဲ့ နိမ့်ကျမှုနဲ့
တော်လှန်ရေးရဲ့ရလဒ် လွတ်လပ်မှုအနှစ်အသာရတချို့ကို ရခိုင်က လွတ်မြောက်မြို့နယ်တွေက
ပြည်သူတွေ ကွဲပြားစွာ မြင်တွေ့နေရချေပြီ။
(၂)
စက်တင်ဘာလရဲ့
အစောပိုင်း မိုးမှုန်ဖွဲဖွဲကြားမှာ ရခိုင်လွတ်မြောက်မြို့နယ်တွေဖြစ်တဲ့ မင်းပြား၊
မြောက်ဦး၊ ကျောက်တော် ဒေသတွေကို ခရီးဆန့်ဖြစ်ခဲ့တယ်။ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်နဲ့အတူ
ဆိုင်ကယ်နဲ့ အဲဒီလွတ်မြောက်မြို့တွေဆီ ခြေဆန့်ခဲ့ကြတာပါ။ အရင်ကလည်း
ဒီမြို့နယ်တွေကို ခရီးအကြိမ်ကြိမ် သွားလာခဲ့ဖူးပါတယ်။ အခု တစ်ကြိမ် ခရီးမှာတော့ ဆိုင်ကယ်စီးရင်း လမ်းတစ်လျှောက်မှာ
လေးမြို့မြစ်(အဥ္ဇနနဒီ)၊ ကစ္ဆပနဒီ (ကုလားတန်) မြစ်ရေပြင်ကျယ်တွေက
ဖြတ်တိုက်လာတဲ့ လေနုညှင်းတွေက အရင်ကထက် ပိုပြီး လတ်ဆတ်သင်းထုံသလို
ခံစားမိပါသေးရဲ့။
အဝေးပြေးကားလမ်းမကြီးဘေးက တမျှော်တခေါ်စိမ်းညို့ညို့စပါးခင်းတွေနဲ့ ရခိုင်ကျေးလက် တောင်သူလယ်သမားတွေ၊
တောင်စဥ်ညိုမှိုင်းတွေနဲ့ နေရောင်ခြည်ဖြာကျလာပုံတွေ၊ မြစ်ရေပြင်ပေါ်က လှေငယ်တွေနဲ့ တံငါတွေ၊
မိုးမှုန်ရီ ဖွဲဖွဲကျဆင်းနေပုံတွေ ... ။
အရာရာဟာ လွတ်လပ်ပြီး သာတောင့်သာယာရှိလှပါရဲ့။
ကျွန်တော့်လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကလည်း
ရခိုင်ရေခံမြေခံ တေးသီချင်းတွေနဲ့ ပတ်သက်လို့ အတော်နှံ့စပ်တဲ့သူတွေလို့
ဆိုရမယ်။ ကျွန်တော်တို့ ရာမောင် မြစ်ကူးတံတားနားရောက်ရင် "ရာမောင်သူ ကိုယ်
အောက်မိန့်နိန်ရဗျာယ်... ရာမောင်သူ ကိုယ်ရက်ပြတ်အတွက်ပေါ်ရေ
×××× ကျိန်းတောင်တက်လို့
ဘုရားတတူဖူးကတ်မေ... "
ဆိုတဲ့
ရခိုင်အဆိုတော်ခိုင်ကျော်လင်းသီဆိုထားတဲ့ "ရာမောင်သူ" သီချင်းညည်းသံတွေက
သူတို့နှုတ်က သံပြိုင်ထွက်ပေါ်လာလေရဲ့။
နန်းရိပ်မြေမြောက်ဦးကိုလည်းရောက်ရော
"မြင်းဂါရီချေစီးလို့ ... ဝေသာလီမှာမင်းနန့်ငါ ဘုရားကြီးလားရေခါ..."
အစချီတဲ့ ရခိုင်အဆိုတော်
မြတ်ခိုင်ကျော်ရဲ့ "မင်းစကား"
သီချင်းကို သူတို့ညည်းဆိုကျပြန်ပါလေရော။ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ဘေး
အဝေးပြေးလမ်းမပေါ်ရောက်တော့ မြစ်ရေပြင်လေညှင်းတွေကြားမှာ "ကစ္ဆပနဒီ... ရီကြိုင်မြသား
စီးဆင်းလီသည်.. ပထဝီအနေအထား ရှည်လျားလီခ.. မြစ်ဖျားခံစ
ဟိမဝန္တာတောင်ပြာတန်းက..." ဆိုတဲ့ ရခိုင်အဆိုတော်
ဦးမောင်သိန်းရဲ့သံစဥ်သီချင်းက သူတို့နှုတ်ဖျားက လွင့်ပျံ့လာပြန်ရော။
ဘယ်လိုပဲဆိုဆို
ဆိုင်ကယ်စီးခရီးကြောင့် ညောင်းညာနေတဲ့ ကျွန်တော်တို့ဟာ
ချစ်စရာဒေသဖွဲ့သီချင်းလေးတွေကြား ပင်ပန်းနွမ်းနယ်တာတွေတောင် ပျောက်ခဲ့ရပါတယ်။
(၃)
ရုပ်ပိုင်းဆိုင်ရာ
အခြေခံသဘောတရားအရ လက်နက်ကိုင်
စစ်သည်တယောက်ဟာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းရမယ်။ တိုက်ရည်ခိုက်ရည် လက်ရုံးရည်
ပြည့်ဝရမယ်။ စည်းကမ်းသေဝပ်မှုနဲ့ နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိရမယ်။
ကျွန်တော့်ရဲ့ လူပြိန်းနားလည်မှုပေါ့လေ။ ဒါ့ထက်
အရေးအကြီးဆုံးက နှလုံးရည်ပိုင်းနဲ့ဆိုင်တဲ့ မတရားမှုနဲ့ တရားမှု၊ ဓမ္မနဲ့ အဓမ္မယှဥ်တွဲဆန်းစစ်ပြီး
ကိုယ်ချင်းစာတရားရှိရမယ်လို့ ကျွန်တော်ထင်မြင်မိတယ်။
"သေနတ်ကို လက်တစ်ဖက်က ကိုင်ထားရင် နောက်လက်တစ်ဖက်က စာအုပ်ကို ကိုင်ဗျ။
ခင်ဗျားတို့ သေနတ်ကြီး ကိုင်ပြီး စာမဖတ်ရင်
အကုန် ဓားပြတွေ ဖြစ်ကုန်လိမ့်မယ်။ အေး.. စာချည်း ဖတ်နေရင်လည်း အကုန် လူပျော့တွေ
ဖြစ်ကုန်လိမ့်မယ်"တဲ့။ ကေအဲန်ယူ (KNU) ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ပဒိုစောသမိန်ထွန်း
ပြောဖူးတဲ့စကားတစ်ခွန်း။
ဒါဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ်၊ တယောက်ချင်းစီအလိုက်ဖြစ်ဖြစ် ကျင့်သုံးနေထိုင်သင့်တဲ့ ကျင့်ဝတ်တစ်ခုလိုပါပဲ။ ဥာဏ်ပညာနဲ့ ကိုယ်ချင်းစာတရားရှိဖို့လိုသလို မတရားမှုကို ခေါင်းငုံ့ခံပျော့ညံ့နေလို့လည်းမရဘူးလို့ အဓိပ္ပါယ်ကောက်ချင်ပါတယ်။ အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ နာမည်ကျော်စကား တစ်ခွန်းလည်းရှိပါသေးတယ်။
"ကျွန်တော်တို့မှာ
တရားလည်းရှိတယ်။ ဓားလည်းရှိတယ်"တဲ့လေ။
လွတ်မြောက်မြို့နယ်မှာ ကျွန်တော်တို့တွေ့ခဲ့ရတဲ့
အာရက္ခစစ်သည်တော်/ စစ်မေတွေဟာ အရွယ်အားဖြင့် ဆယ်ကျော်သက်အရွယ်
နှစ်ဆယ်ဝန်းကျင်လူငယ်လူရွယ်ကလေးတွေပါပဲ။ သူတို့ဟာ ခေတ်စနစ်ကောင်းတဲ့ကာလမျိုးဆို
မြို့ပေါ်က တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာ သက်ဆိုင်ရာပညာရပ်တွေကိုသင်ယူပြီး
ဘဝခရီးဖြတ်သန်းနေကြပါလိမ့်မယ်။ အခုတော့ ဖိနှိပ်ခံဘဝကလွတ်မြောက်ရေး၊
စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင် လမ်းစဥ်ကို
ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ကြတယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ်နိုင်ငံကို ကာကွယ်ဖို့ လိုအပ်လာချိန်မှာ
ဆင်းရဲပင်ပန်းခံဝံ့တဲ့ သူတို့စိတ်ဓာတ်တွေဟာ လေးစား အသိအမှတ်ပြုဖွယ်
ကောင်းလှတော့တယ်။
(၄)
ခရီးစဥ်တစ်လျှောက်မှာ လုံခြုံရေးအရချထားတဲ့ စစ်ဆေးရေး ဂိတ်တွေကို ကျွန်တော်တို့ ဖြတ်ရတယ်။ များသောအားဖြင့် အရွယ်ငယ်ငယ်စစ်သည်တွေကပဲ ဂိတ်တွေမှာ စောင့်ကြပ် နေကျပါတယ်။
ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အခြေအနေတရပ်ကို ဖောက်သည်ချပါ့မယ်။ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေမြောက်ဦးမြို့နယ်ထဲမှာ စစ်ဆေးရေးဂိတ်ကိုဖြတ်ရတယ်။
ကျွန်တော်တို့က လူသုံးယောက်။ ဆိုင်ကယ်တစ်စီး။ လူသုံးယောက်စီးပြီးတော့ ဂိတ်ကို ဖြတ်သွားလို့မရဘူး။
အဲဒါကိုလည်း ကျွန်တော်တို့က မသိကြပါဘူး။
အဲဒီတော့ ဖြတ်မိပါလေရော။
ကျွန်တော်တို့လည်းဖြတ်မိတဲ့အချိန်မှာပဲ ယူနီဖောင်းဝတ် အာရက္ခစစ်သည် လူငယ်တစ်ယောက်က
ဝီစီလိုက်မှုတ်ပြီးတားပါတယ်။ ကျွန်တော်တို့လည်း
စစ်ကောင်စီ လက်ထက်ကလို
ဂိတ်ကိုလာဖို့သတိပေးတယ်ထင်ပြီးတော့ ပြန်လှည့်ဖို့ပြင်ဆင်ကြတယ်။
ကျွန်တော်တို့ဆိုင်ကယ်ပေါ်ကမဆင်းခင်မှာပဲ အဲဒီစစ်သည်လူငယ်က နေပူကျဲကျဲထဲ ပြေးလာပြီးတော့
"အစ်ကိုတို့က ဒီမြို့ကမဟုတ်ဘူးထင်တယ်။ ဂိတ်တွေမှာ ဆိုင်ကယ် တစ်စီးလူသုံးယောက်ဆိုရင်
တစ်ယောက်ကဆင်းပြီး ဂိတ်အလွန်ထိ သွားပေးဖို့ မေတ္တာရပ်ခံပါတယ်"
တဲ့လေ။ အဲဒီလို ဖော်ဖော်ရွေရွေ ယဥ်ယဥ်ကျေးကျေးနဲ့ ပြောဆို ဆက်ဆံတာကြောင့်
ကျွန်တော်တို့ရင်ထဲမှာ စစ်ကောင်စီ လက်ထက်ကလို စိုးရိမ်တာတွေ၊
အကြောက်တရားတွေလည်းမရှိတော့ပါဘူး။ အရင်ထက် အဆပေါင်းများစွာ လွတ်လပ်မှု ရှိသလိုခံစားရတယ်။
အော်...လက်နက်ကိုင်ထားပေမယ့် ပြည်သူအပေါ်မှာ ကိုယ်ချင်းစာတရားနဲ့အုပ်ချုပ်ရင်
မုန်းတီးစိတ်နဲ့ အကြောက်တရားအစား ချစ်ခင်လေးစားမှုကိုရနိုင်သေးပါကလား။
(၅)
လွတ်မြောက်မြို့တွေကိုဖြတ်တော့ မြို့သိမ်းတိုက်ပွဲကာလ
ပျက်စီးမှုမြင်ကွင်းတွေ၊ အပြိုအပျက် အဆောက်အဦတွေ၊ လောလောလတ်လတ် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ထားတဲ့ အပျက်စီးတွေကို
စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ရတယ်။ အသက်တွေ၊
ဘဝတွေ၊ သွေးချွေးတွေ ဘယ်လောက်များ ပေးဆပ်လိုက်ရလေပြီလဲ။ စစ်ပွဲရဲ့ မမြင်ရက်စရာ အနိဋ္ဌာရုံတွေ။
အော်...ဒဏ္ဍာရီလာ ဖီးနစ်ငှက်လိုပဲ အာရက္ခပြည်လွတ်မြောက်မြို့နယ်တွေဟာလည်း
အချိန်ကာလတစ်ခုရောက်ရင် အပျက်စီးပြာပုံတွေကြားက အားမာန်အပြည့်နဲ့ ရုန်းထ ရှင်သန်လာနိုင်ကောင်းပါရဲ့လို့
မျှော်လင့်မိတော့တယ်။
လက်ရှိအချိန်မှာတော့ လွတ်မြောက်မြို့နယ်က
စစ်ဘေးရှောင်တွေအပါအဝင် ပြည်သူတွေဟာ စားဝတ်နေရေးအကျပ်အတည်း၊
ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှု ဒဏ်တွေကို
ခါးစည်းခံနေကြရတယ်။ ဒါ့အပြင် အချိန်မရွေး လေကြောင်း ဗုံးကြဲ တိုက်ခိုက် လာနိုင်တဲ့ အခြေအနေတွေကြောင့် အန္တရာယ်တွေနဲ့
အမြဲယှဥ်တွဲနေထိုင်နေကြရပါရဲ့။ စစ်ဘေးရှောင်နဲ့ပြည်သူတွေ အရေပြားရောဂါဖြစ်ပွားတာတွေ၊ စစ်ပွဲအလွန်
စားဝတ်နေရေး အကျပ် အတည်း၊
စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် ထွက်ပေါက်ရှာ အဆုံး စီရင် သွားသူတွေလည်း
ရှိလာနေပါတယ်။
စစ်ပွဲဆိုတဲ့
ရောဂါဆိုးလွန်မြောက်အပြီးမှာ အာရက္ခပြည် နာလန်ထဖို့ အတော်လေး ကြိုးစားယူရပါလိမ့်ဦးမယ်။ အာရက္ခပြည်သူပြည်သားတွေအနေနဲ့
ကိုယ်နိုင်ရာအခန်းကဏ္ဍ ကနေ
အသီးသီး အားဖြည့်ပါဝင်မှသာ ပြန်လည်ထူထောင်ရေး ပိုမိုထိရောက် အောင်မြင် လာနိုင်မယ်ဆိုတာ
မလွဲပါဘူး။
(၆)
အပြန်ခရီးမှာတော့
အညာရေပေါက်နေတဲ့ ကစ္ဆပနဒီမြစ်ပြင်ကျယ်ကို ငေးမောရင်းနဲ့
ကျွန်တော်ငြိမ်သက်လိုက်ပါလာခဲ့တော့တယ်။ အဲဒီမတိုင်ခင် တစ်နေ့မှာတော့ ကစ္ဆပနဒီ မြစ်ထဲမှာ
စစ်ကောင်စီရဲ့ နေဗီစစ်ရေယာဥ်တွေကို နစ်မြှုပ် တိုက်ခိုက်နိုင်ခဲ့တဲ့ နေရာကို သွားကြည့်ကြပါသေးတယ်။
တိုက်ခိုက်ခံရတဲ့ နေဗီတွေကတော့
မြစ်အောက်ကြမ်းပြင်မှာ နစ်မြုပ်သွားကြပြီလို့
ဒေသခံတွေက ပြောကြတယ်။ သူတို့လည်း ဘယ်နေရာ ဘယ်နေရာဆိုပြီး
လက်ညှိုးညွှန်ပြနိုင်ရုံပဲရှိပါတော့တယ်။ နေဗီစစ်ရေယာဥ်တွေကို ကျွန်တော်တို့ မမြင်တွေ့ခဲ့ကြတော့။
ဘယ်လိုပဲဖြစ်စေ
လွတ်မြောက်နယ်မြေမှာ ကျွန်တော်တို့ရဲ့ သုံးညအိပ်ခရီးဟာ
အမှတ်
ရစရာတွေ၊
လွတ်လပ်မှု အနှစ်သာရတွေကို အတိုင်းအတာတစ်ခုအထိ ခံစားခဲ့ရတယ်။ အာရက္ခပြည်တပြည်လုံး
စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်တဲ့အချိန်ကို စိတ်ထဲတွေးဆကြည်နူးမိတယ်။
နေရောင်ခြည်နုသစ်အောက်မှာ မြောက်ဦးရဲ့လွတ်လပ်တဲ့ ပကတိအလှတရားကို
ကျွန်တော်တို့ ရင်တဖိုဖိုဖြစ်ခဲ့ရတယ်။
စစ်အာဏာရှင်လက်ထက်က တချူချူတချာချာ
သံသရာလည်နေခဲ့တဲ့
ကစ္ဆပနဒီ(ကုလားတန်မြစ်)နဲ့ အဥ္ဇနနဒီ(လေးမြို့မြစ်)
ရဲ့
လွတ်လပ်စွာ အသက်ရှုပုံကိုလည်း ကျွန်တော်တို့ ရင်သပ်ရှုမော ဖြစ်ခဲ့ရပါတော့တယ်။ ။