စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် နွားကျောင်းနေသည့် လူငယ်တစ်ဦးကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်သတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 653

မင်းသျှင်စော၊ နိရဉ္စရာ ၊ အောက်တိုဘာ ၄ ၊၂၀၂၄

ရခိုင်ပြည်၊ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် နွားကျောင်းနေသည့် လူငယ် တစ်ဦးအား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် ပစ်သတ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

အသတ်ခံလိုက်ရသည့် လူငယ်မှာ တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးရှိ ကိုင်းခုံကျေးရွာမှ ဦးဌေးကျော်၏သား အသက် ၁၈ နှစ်အရွယ် မောင်ပြည့်ဖြိုးဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

"သူက ညနေဖက် သူတို့နွားတွေကို တိုက်ပွဲဖြစ်နေတဲ့နေရာကို မသွားရအောင်လို့ နွားတွေကို သွားလိုက်ပုံရပါတယ်။ စစ်ကောင်စီစစ်ကြောင်းက အဲဒီ ရွာအနီးဝန်းကျင်မှာ ကင်းပုန်း ဝပ်နေတာကို မသိဘူးလေ။ သေနတ် ပစ်သံကြားတော့ ပထမ တစ်ယောက်မှ သွားမကြည့်ရဲဘူး။ နောက်တစ်နာရီ ကျော်ကြာမှ သွားကြည့်တော့ အဲဒီကောင်လေးက ဗိုက်ကိုထိပြီးသေနေတယ်"ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုသည် ယနေ့ညနေ ၃ နာရီကျော်အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဂွမြို့မြောက်ဘက် မိုင် ၂၀ ခန့် အကွာတွင် တည်ရှိသည့် ဆားချက်၊ ကိုင်းခုံရွာ အနီးဝန်းကျင်တွင် AA. နှင့် တိုက်ပွဲဖြစ်ပွားနေပြီး မကြာခဏ ကင်းပုန်းဝပ်ကြောင်း ဒေသခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက  နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။ 

စစ်ကောင်စီသည် ဂွမြို့နယ်မြောက်ပိုင်းတွင် အေအေထိုးစစ်ကို နေရာ ၄ နေရာမှ  ခုခံတိုက်ခိုက်နေရပြီး အဆိုပါ တိုက်ပွဲများအတွင်း လေကြောင်းနှင့် ရေကြောင်းကို အဓိကထားပြီး ခုခံကာကွယ် တိုက်ခိုက်နေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ