- Web Master
- ၀၇ ဇွန် ၂၀၂၄
ခိုင်လင်း
နိရဥ္စရာ၊ ဇွန် ၂၅/ ၂ဝ၁၉
သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းကို ရခိုင်မှ ထူးချွန်အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဇွန်လ ၂၃ ရက်နေ့က ကျောက်ဖြူမြို့တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်ခဲ့သည်။
ရခိုင်တစ်ပြည်နယ်လုံး အမှတ်အများဆုံးရရှိခဲ့ကြသည့် သိပ္ပံဘာသာတွဲမှ ကျောင်းသား ကျောင်းသူ (၅) ယောက်၊ ဝိဇ္ဇဘာသာတွဲမှ (၁)ယောက်နှင့် ကျောက်ဖြူ ဒေသမှ ဂုဏ်ထူးလေးဘာသာရသူ ကျောင်းသူတစ်ဦး၊ စုစုပေါင်း ၇ ယောက်ကို ဆုချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ကျောင်းသားတစ်ယောက်ကို ရွှေ ကျပ်ခွဲ ကျစီ ချီးမြင့် ခဲ့ပါတယ်။ ရခိုင်ပြည်က ပညာရေးမှာ ထူးချွန်ပြီး စာတော်တဲ့ကျောင်းသားတွေဖြစ်တာကြောင့် သူတို့ရဲ့ ကြိုးစားမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ဆုချီးမြင့်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ပညာရေး တိုးတက်ရေးနဲ့ သူတို့လို ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေအနာဂတ်မှာ အများကြီး ပေါ်ထွန်း စေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ် ”ဟု ကိုအမ်းသားကြီးကပြောသည်။
အဆိုပါဆုချီးမြင့်ခံခဲ့ကြရသည့် ထူးချွန် ကျောင်းသားများမှာ ရခိုင်တစ်ပြည်နယ်လုံး အမှတ်အများဆုံး ၅၄၁ မှတ်ဖြင့် ပထမရခဲ့သည့် စစ်တွေမြို့အထက(၂)မှ ၅ ဘာသာ ဂုဏ်ထူးရှင် မောင်ထက်ယံလင်း၊ အထက(၁) တောင်ကုတ်မှ ၆ဘာသာ ဂုဏ်ထူးရှင် မောင်ထက်အောင်ဘုန်းမြတ်၊ အထက(၂) အမ်း တပ်နယ်မှ ၆ဘာသာ ဂုဏ်ထူးရှင် မအေးငြိမ်းစံ၊ စစ်တွေ အထက(၉) မင်းဂံမှ ၆ ဘာသာဂုဏ်ထူးရှင် မောင်ကောင်းမြတ်ကျော်၊ အထက(၁) ရသေ့တောင်မှ ဝိဇ္ဇဘာသာတွဲ အမှတ်များဆုံး ၄ဘာသာဂုဏ်ထူးရှင် မောင်ထွန်းမြတ်စံ၊ အထက(ငပလီ) သံတွဲမှ ၅ ဘာသာ ဂုဏ်ထူးရှင် မောင်မင်းခန့်စိုးနှင့် ကျောက်ဖြူမြို့မှ ၄ဘာသာ ဂုဏ်ထူးရှင် မယမင်းထွန်း ဖြစ်ကြသည်။
ရခိုင်ပြည်နယ် ပညာရေးတိုးတက်ရေးအတွက် အစိုးရပြည်နယ် အစိုးရ အနေဖြင့် ပညာရေးကို လိုလားသော ပရဟိ အဖွဲ့များဖြင့် အဓိက လက်တွဲ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကိုအမ်းသားကြီးက ပြောသည်။
“ရခိုင်ပြည်ပညာရေးတိုးတက်ဖို့အတွက်အဓိကလုပ်ဆောင်ရမှာက အစိုးရဖြစ်တယ်။ အစိုးရကို အကြံပြု တိုက်တွန်းချင်တာကတော့ ရခိုင်ပြည်နယ်ပညာရေး တိုးတက်ဖို့အတွက် လုပ်ဆောင်နေတဲ့ ပရဟိတ အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေ အနေနဲ့ ဘာတွေ ကူညီ ပံ့ပိုးပေးရမလဲ၊ ဝိုင်းဝန်းပြီး ကူညီပံ့ပိုးဖို့အတွက် လက်တွဲခေါ်ဖို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။
အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပရာ ရခိုင်ပြည်နယ်ရှိ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောက်ဖြူ ဒေသခံများ တက်ရောက်ခဲ့ကြသည်။
၎င်းဂုဏ်ပြုဆုကို ပြည်တွင်းပြည်ပအလှူရှင်များ၏ ထောက်ပံ့ ကူညီမှုဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။