- Web Master
- ၀၇ ဇွန် ၂၀၂၄
နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ် ၁၉/ ၂ဝ၁၉
ယခင်စစ်တွေမြို့ ကောလိပ်အဖြစ် အသုံးပြုခဲ့သည့် အထက (၁) ကို ပြန်လည်ပြီး အထက(၁) အနေဖြင့် ဖွင့်လှစ်ပေးရန် အစိုးရအမှတ်(၁) အထက်တန်းကျောင်း(စစ်တွေ) ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီမှ တောင်းဆိုလိုက်သည်။
သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က စစ်တွေမြို့ ဘုရားများသိမ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
စစ်တွေက အထက (၁) သည် သမိုင်းဝင် ကျောင်း တစ်ကျောင်းဖြစ်ပြီး ၁၈၈၅ နှစ် အင်္ဂလိပ် အစိုးရလက်တွင် တည်ဆောက်ခဲ့သည်။
၎င်းကျောင်းအား အထက (၁) အဖြစ်ဖြင့် အသုံးပြုနေခဲ့ရာမှ ၁၉၇၁ ခုနှစ်တွင် စစ်တွေ ဒေသကောလိပ် ဖွင့်လှစ်နိုင်ရန် စီစဉ်သည့် အချိန်တွင် ကောလိပ်ကျောင်းဖွင့်လှစ်နိုင်လောက်သည့် ဥပဓိ ရုပ်ကောင်းမွန်ပြီး အင်္ဂါရပ်နှင့်ကိုက်ညီသော အဆောက်အဦများ စစ်တွေ၌ အဆင်သင့် မရှိဟုဆိုကာ ၎င်းအထက (၁) ကျောင်းအား လွှဲပြောင်းရယူခဲ့ပြီး စစ်တွေဒေသကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
၎င်းကျောင်းအား စစ်တွေ ဒေသကောလိပ် စစ်တွေကောလိပ်၊ စစ်တွေဒီဂရီကောလိပ်၊ စစ်တွေ တက္ကသိုလ် စသဖြင့် နှစ်ပေါင်း ၃၅ ကျော် သင်ကြားအသုံးပြုခဲ့ပြီး ယခုအခါ စစ်တွေ တက္ကသိုလ်မှာ သီးခြားဖွင့်လှစ်ထားရှိဖြစ်ဖြစ်သဖြင့် အထက်တန်းပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနသို့ လွဲပြောင်းလိုက်ပြီ ဖြစ်သည်။
“အခု ဖွင့်ထားတဲ့ အထက(၁)က ကျောင်းသားတွေများပြီး ပျစ်ညပ်ပြီး ကလေးတွေ စာသင်နေရတယ်။ လေဝင်လေထွက်လည်း မကောင်းဘူး။ ကစားကွင်းက အစ ကျောင်းသားတွေ နားနားနေနေ အပန်းဖြေမယ့် နေရာလည်း မရှိဘူး။ ကျောင်းအောင်ချက်ရာနူန်းနဲ့ ကျောင်းသားတွေ စာရိတ္တ မြင့်မားအောင်၊ အားကစားထူးချွန်လာအောင် လုပ်မယ်ဆိုရင် အားကစားကွင်းတွေ၊ ဘောလုံးကွင်းတွေ ရှိတဲ့ အထက (၁) ကျောင်းဟောင်းကို ပြန်လည် ဖွင့်လှစ်ပေးဖို့လိုပါတယ်” ဟု ကျောင်းသားဟောင်း များ၏ အမှတ်(၁) အ.ထ.က ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဖွဲ့ နာယက ဦးသာလှထွန်းက ပြောသည်။
အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁) ကျောင်းဆောင်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကတိကဝတ်အတိုင်း အထက (၁) ကျောင်းအဖြစ် ဆောင်ရွက်ပေးရန် ကျောင်းသားဟောင်းများ၏ အမှတ်(၁) အ.ထ.က ရည်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီက တောင်းဆိုလိုက်သည်။
“အဲဒီကျောင်းမှာ သင်ခဲ့တဲ့ကျောင်းသားကြီးတွေဟာ ပြောလို့ကိုမကုန်လောက်အောင်အထိ ပညာရေး၊ အားကစားရေ၊ ဂုဏ်ထူးတွေ အကုန်လုံးကို အဲဒီအထက်တန်းကျောင်းကြီးကပဲ မွေးထုတ်ပေးခဲ့တာပါ။ ကိုယ်တော်တို့ဆိုရင်လည်း အဲဒီအထကကျောင်းမှာ ငယ်ငယ်လေးကနေပြီး အားကစားကိုလိုက်ခဲ့တာ တိုင်းနှင့်ပြည်နယ်အဆင့်ဝင်ရောက်ခဲ့ဖူးတယ်” ဟု ကျောင်းသားဟောင်း များ၏ အမှတ်(၁) အ.ထ.က ရည်ရှည်တည်းတံ့ခိုင်မြဲရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဖွဲ့ နာယကဆရာတော် ဦးဝေပုလ္လ က မိန့်ကြားသည်။
လက်ရှိတွင် အဆိုပါကျောင်းအား ခိုင်ခန့်မှုမရှိသည့်အတွက် ကျောင်းအဖြစ်ဖွင့်လှစ်သင်ကြားရန် အန္တရာယ်ရှိသည်ဟုဆိုကာ ရခိုင်ပြည်နယ် ပညာရေးဌာနက ပိတ်ထားခြင်းဖြစ်ကြောင်း ကျောင်းသားဟောင်းများက ပြောသည်။
ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးစံညွှန့်က “ ဒီကျောင်းဆောင်ဟောင်းက အန္တရာယ်ရှိနေရင်တော့ ကျောင်းဆောင်ဟောင်းကို ပြတိုက်လို အမှတ်တရ အဆောက်အဦဖြစ် ထိန်းသိမ်းထားပေါ့။ ဘေးပတ်လည်မှာ ကျောင်းဆောင်တွေ အများကြီးရှိပါတယ်။ လိုအပ်ရင် ထပ်ဆောက်လို့ရတယ်။ ဒီကျောင်းကိုအထက (၁) အဖြစ်နဲ့ ပြန်ဖွင့်နိုင်ရင် ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးသာမက အားကစားလည်းလုပ်နိုင်တာမို့ ကြံ့ခိုင်သန်စွမ်းမှု အပိုင်းမှာလည်း အများကြီးတိုးတက်လာနိုင်ပါတယ်” ဟု ပြောကြားသည်။.