- Web Master
- ၀၇ ဇွန် ၂၀၂၄
အိမ်စိုးဖြူ
နိရဥ္စရာ၊ သြဂုတ် ၆/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများ အာလုံးမှာ အေအဆင့်ရ၍ ယနေ့သြဂုတ်လ ၅ ရက်နေ့တွင် ပညာရေးဌာနမှ ဖွင့်ခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း ၁၂ ကျောင်းစလုံး ဖွင့်ခွင့်ရရှိခြင်းဖြစ်ကြောင်း စစ်တွေမြို့ ကို်ယ်ပိုင်ကျောင်းများ အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကျော်ညွှန့်ကပြောသည်။
ဦးအောင်ကျော်ညွှန့်က “တရားဝင်စာထုတ်ပေးတာတော့ မဟုတ်ပေမဲ့ ပညာရေးမှူးရုံးက ဖုန်းဆက်လာတယ်။ ကိုယ်ပိုင်ကျောင်းအားလုံးဟာ သတ်မှတ်ထားတဲ့ အေအဆင့်ရရှိတဲ့အတွက် ဖွင့်ခွင့်ရတယ်ဆိုပြီးပေါ့” ဟုပြောသည်။
ပါရဂူ ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဆရာမ ဒေါ်မီမီစိုးသန်းက ၄င်းတို့ ကျောင်းများအား လွန်ခဲ့သည့် ဇူလိုင်လအတွင်းတွင် ကျန်းမာရေးဌာနနှင့်ပညာရေးဌာနမှ လာရောက်စစ်ဆေးခဲ့ပြီး ယနေ့တွင် ဖွင့်ခွင့်ရကြောင်း သိရခြင်းဖြစ်ကြောင်းပြောသည်။
“ လာစစ်တာ အချက် ၈ဝ ကျော်လောက်ရှိမယ်။သုံးလေးကြိမ်ထက်မနည်း လာစစ်တယ်။ နောက်လည်း ရှောင်တခွင် စစ်ဆေးအုန်းမယ်လို့ထင်တယ်။ ကျွန်မတို့ကျောင်းက ကျောင်းသား ၅ဝ နီးပါး လောက် လက်ခံထားတယ်။ ဒီနေ့ဖွင့်ခွင့်ရတော့ ကလေးတွေကို သင်ကြားရေးကို လုပ်နေကြပြီ။ အစိုးရ ကျောင်းတွေကတော့ mask တွေလုံလုံလောက်လောက်မရှိလို့ အခက်တွေ့တဲ့ ကျောင်းတွေ ရှိနေတယ်လို့ကြားတယ်။ ကျောင်းသားတွေကလည်း များတာကို” ဟုပြောသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုယ်ပိုင်အထက်တန်းကျောင်း ၃၉ ကျောင်းရှိပြီး စစ်တွေမြို့တွင် ၁၂ ကျောင်းရှိကြောင်း ဦးထွန်းအောင်ကျော်ကပြောသည်။