- Web Master
- ၀၇ ဇွန် ၂၀၂၄
ချစ်အိလှိုင်၊ ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၁၂/ ၂ဝ၂၁
ရခိုင်ပြည်နယ် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၁၇၁ ဦးကို တာဝန်မှယာယီရပ်စဲသွားမည်ဟု သတင်းရရှိသည်။
၄င်းဆရာ၊ ဆရာမများမှာ ခွင့်မဲ့ ပျက်ကွက်သူများဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက နိရဥ္စရာသတင်းဌာနကို ပြောသည်။
“ဒီ ၁၇၁ ဦးကို မနေ့ကပဲ နှစ်နာရီကြာ အွန်လိုင်းအစည်းအဝေး(zoom meeting) မှာ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရယ်၊ ညွှန်မှူးရယ်နဲ့ ပြည်နယ်တိုင်းပညာရေးမှူးတွေအစည်းအဝေးမှာ ပြောပါတယ်။ တရားဝင်စာတွေထွက်ပါတယ်” ဟုပြောသည်။
မေလ ၇ ရက်နေ့ထိ ကျောင်းတက်သူများကို လက်ခံပြီး ယင်းရက်နောက်ပိုင်း ကျောင်းမလာသည့် ဆရာ ဆရာမများကို ယာယီရပ်စဲမည်ဟု သိရသည်။
သို့သော်လည်း ၎င်းအထဲမှ ယမန်နေ့ မေလ ၁၁ ရက်နေ့ အထိ ပျက်ကွက်ရသည့် အကျိုးအကြောင်းကို တင်ပြလာသူများကို စိစစ်၍ ပြန်လက်ခံပေးရန် စဉ်းစားထားကြောင်း ပညာရေးမှူးက ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် မေလ ၃ ရက်တွင် ဆရာ၊ဆရာမများအား ကျောင်းတက်ရန် ညွှန်ကြားခဲ့ပြီး မေလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ပျက်ကွက်ဆရာ၊ ဆရာမ ၇၇၄ ဦးရှိခဲ့သည်။
ယင်းအထဲတွင် မီးဖွားခွင့်၊ ဆေးခွင့်နှင့် ပင်စင်ကြိုတင်ခံစားခွင့်ရှိသူများလည်း ပါဝင်သဖြင့် နုတ်လိုက်ရာ ပျက်ကွက်သူ စုစုပေါင်း၂၄ဝ ဦး ရှိခဲ့သည်ဟု သိရသည်။
ယင်း ၂၄ဝဦးထဲမှ တချို့ ကျောင်းပြန်တက်သဖြင့် မေလ ၆ ရက်နေ့တွင် ၁၉၅ ဦးပျက်ကွက်ခဲ့ကြောင်း၊ မေလ ၇ ရက်နေ့တွင်မူ ၁၇၁ ဦးရှိခဲ့ကြောင်း ပြည်နယ် ပညာရေးမှူး ဦးတင်သိ်န်း၏ ပြောပြချက်အရသိရသည်။
ရခိုင်ပြည်နယ်လက်ရှိ အခြေခံပညာ( ထက်/ လယ်/မူ) ၃၃ဝ၉ ကျောင်းရှိကာ၊ ပညာရေးဝန်ထမ်း ၂၉ဝဝဝ ခန့်ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ရုံးမှ စာရင်းအရသိရသည်။
၎င်းပြင် စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ် ၂ ခုမှ ဆရာ ဆရာမ ၈၇ ဦးကိုလည်း CDM ဝင်မှုနှင့် ခွင့်မဲ့ပျက်ကွက်မှုကြောင့် တာဝန်မှ ယာယီရပ်စဲထားကြောင်း သိရသည်။