- Web Master
- ၀၇ ဇွန် ၂၀၂၄
ထက်အောင်
နိရဉ္စရာ၊ ဇွန် ၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူဦးရေမှာ ခြောက်သောင်းကျော်ရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းတက်သည့် ကျောင်းသားဦးရေမှာ သုံးသောင်းကျော်သာရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ ၆၀,၅၀၇ ဦးရှိခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းစဖွင့်သည့် ဇွန် (၁) ရက်နေ့တွင် ကျောင်းတက်သော ကျောင်းသားဦးရေ ၃၉၁၄၁ရှိကြောင်း သိရသည်။
ဂွမြို့နယ်မှ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက “ ကျမတို့ ဂွမြို့နယ်မှာကတော့ ကလေးတွေကျောင်းတက်တာ တော်တော်နည်းပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် ကျောင်းတွေမတက်ဖြစ်ဘူး။ မနေ့က တချို့ကျောင်းတွေမှာဆိုရင် လုံးဝကျောင်းလာမတက်တဲ့ ဟာတွေရှိတယ်။ တချို့နေရာတွေလည်း တက်ကြတယ်” ဟု ပြောသည်။
ကျောင်းဖွင့်ထားသော်လည်း ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရောက်မှုနည်းပါးသည်မှာ လုံခြုံရေးအခြေအနေစိုးရိမ်မှု၊ ကိုဗစ် ၁၉ တတိယလှိုင်း အန္တာရာယ်နှင့် တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူမှုတို့အပေါ် မကျေနပ်ကြသည့် မိဖများက သားသမီးများကို ကျောင်းမအပ်နှံသည့် သဘောဖြစ်နိုင်ကြောင်း သံတွဲခရိုင်ဒေသခံ တစ်ဦးက ပြောသည်။
“ ကျောင်းလာမတက်တဲ့ ကျောင်းသားတွေလည်း ရှိတယ်။ တချို့ကတော့ စစ်အာဏာအုပ်ချုပ်တဲ့ အတွက် မတက်ချင်တာရယ်။ ပြီးတော့ တချို့ ပြည်မဖက်ကကျောင်းတွေမှာ ဗုံးတွေပေါက်တယ်လေ။ အဲဒါတွေကြောင့်လည်း ကျောင်းလာ မတက်ကြဘူး။ တချို့မိဘတွေက အဲလိုတွေဖြစ်မှာကို စိုးရိမ်လို့လည်း ကလေးတွေကို ကျောင်းမထားခိုင်းတာတွေရှိတယ်” ဟု ပြောသည်။
သံတွဲခရိုင်တွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွ မြို့နယ် (၃) ခု ပါဝင်ပြီး တောင်ကုတ်မြို့နယ်တွင် ကျောင်းတက်သူများသော်လည်း သံတွဲနှင့် ဂွမြို့နယ်တွင် ကျောင်းလာတက်သည့် ကျောင်သား၊ ကျောင်းသူ ဦးရေ ပုံမှန်ထက်နည်းပါးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်မှာဆိုလျှင် ကျောင်းလာတက်သည့် ကလေးများကို မိဘများက သက်ဆိုင်ရာစာသင်ကျောင်းများအနီး၌ လာရောက်စောင့်ကြည့်မှုများ ရှိကြောင်း သိရသည်။
ကျောင်းစဖွင့်သည့် ဇွန် ၁ရက်နေ့က သံတွဲခရိုင်အတွင်း ကျောင်းတက်ရောက်သည့် ဦးရေ ၃၉,၁၄၁ ရှိကြောင်းနှင့် မြို့နယ်အလိုက် ကျောင်းတက်သည့် ကျောင်းသား၊ ကျောင်းသူ ဦးရေစာရင်း ပြည်နယ် ပညာရေးမှူးရုံးသို့ ရောက်မလာသေးကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ယခုနှစ် (၂၀၂၁- ၂၀၂၂) ပညာသင်နှစ်အတွင်း မနေ့ ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်သည်မှ စ၍ ကျောင်းလာတက်သည့် ကျောင်းသား/ ကျောင်းသူဦးရေ (၃၅၈,၉၃၁) ဦးရှိပြီး ခရိုင်အလိုက် ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူဦးရေမှာ စစ်တွေခရိုင်၌- ၁၀၁,၃၀၁ ဦး ၊ မြောက်ဦးခရိုင်၌- ၁၁၀,၆၅၂ ဦး၊ မောင်တောခရိုင်၌ ၄၃၂၁၁ ဦး၊ ကျောက်ဖြူခရိုင်၌ ၆၄၆၂၆ နှင့် သံတွဲရိုင်၌ ၃၉၁၄၁ ဦး တ်ို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကျောင်းများပိတ်ထားခဲ့ရသော်လည်း ယင်းနှစ်မတိုင်မီ ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းတက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ စစ်တွေ- ၁၄၈,၅၇၈ ဦး၊ မြောက်ဦးခရိုင်- ၁၇၅,၂၄၉ ဦး၊ မောင်တောခရိုင်- ၆၆,၆၅၂ဦး၊ သံတွဲခရိုင် - ၆၀,၅၀၇ ဦးနှင့် ကျောက်ဖြူခရိုင်- ၈၈,၅၁၇ ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။