စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကိုဗစ်လျော့ကျလာ၍ ကျောင်းများပြန်ဖွင့်လာနိုင်ခြေရှိဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.8k


နှင်းနွယ်နီ
နိရဥ္စရာ၊ သြဂုတ် ၂၄/၂၀၂၁
ကိုဗစ်ဖြစ်ပွားမှုနှုန်းလျော့ကျလာပြီဖြစ်၍ အခြေခံပညာစာသင်ကျောင်းများပြန်ဖွင့်လှစ်မည့် အခြေအနေရှိသည့်အတွက် ကျောင်းဖွင့်မည်ဆိုပါက အဆင်သင့်ဖြစ်စေရန် ကျောင်းများအား သန့်ရှင်းရေးဝင်ခိုင်းထားသည်ဟု ပြည်နယ်ဥပဒေချူပ် ဦးလှသိန်းက နိရဥ္စရာကိုပြောသည်။
“အခုလက်ရှိမှာတော့ ကျောင်းတွေရဲ့သန့်ရှင်းရေး ဝင်ခိုင်းထားပါတယ်။ ကျနော်တို့ ပြည်နယ်ပညာရေးမှူးကိုခေါ်ပြီးတော့ ကျောင်းတွေသန့်ရှင်းရေးဝင်ခိုင်းထားတာပေါ့။ ရခိုင်ပြည်နယ်မှာ ကိုဗစ်က ၅၀% လောက်လျော့ကျသွားပြီ။ ဆိုတော့ ပြည်ထောင်စုကတော့ ကျောင်းတွေကိုပြန်ဖွင့်မဲ့စိတ်ကူးရှိတဲ့သဘောပါပဲ။ ကျနော်တို့ကလည်း ဖွင့်မယ်ဆိုလို့ရှိရင် အဆင်သင့်ဖြစ်အောင်ပေါ့။ မကြာခင်တော့ ကျောင်းဖွင့်လာလိမ့်မယ်လို့ ပြောနိုင်ပါတယ်။” ဟုပြောသည်။
ကျောင်းများပြန်ဖွင့်မည်ဆိုပါက သားသမီးကို ကိုဗစ်ဖြစ်မည်ကို စိုးရိမ်သော်လည်း အများနည်းတူကျောင်းတက်ခိုင်းမည်ဟု ကျောင်းသားမိဖများက ပြောသည်။
၁၀ တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်စောသန္တာက “ကိုဗစ်ဖြစ်မှာတော့ စိုးရိမ်ပေမဲ့ ကျောင်းကတော့ ကိုဗစ်စည်းကမ်းနဲ့အညီဖွင့်မယ်ဆိုရင် ကျမတို့ကလည်း တက်ခိုင်းမှာပေါ့။ သူတို့ကလည်း ၉ လပိုင်း ၂၁ ရက်နေ့ ဖောင်တင်ရမယ်ဆိုတော့ ၁၀ တန်းဆိုတော့ အရေးကြီးတယ်လေ။ အဲဒါကြောင့် စည်းကမ်းနဲ့အညီကျောင်းဖွင့်မယ်ဆိုရင်တော့ ကျမတို့ကလည်း တက်ခိုင်းမှာပဲ ကလေးကို။” ဟုပြောသည်။
ကျောင်းများကို အစိုးရက ဖွင့်မည်ဆိုလျှင် တက်ရမည်ဖြစ်ပြီး စိုးရိမ်ကြောင့်ကြမှုရှိလျှင်လည်း ကျောင်းမတက်ဟူ၍ လုပ်ခွင့်မရှိကြောင်း စစ်တွေမြို့မှ အထက်တန်းပြဆရာမတစ်ဦးဖြစ်သည့် ဒေါ်နုမြသန္တာက ပြောသည်။
“အစိုးရက ဖွင့်ရင်တော့ တက်ရမှာပေါ့။ လွန်ဆန်လို့ရတဲ့အရာတွေက မဟုတ်ဘူး။” ဟုပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ် တတိယလှိုင်း ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့ သြဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၃,၈၃ဝ ဦးနှင့် သေဆုံးသူ ၃၆၇ ဦးအထိရှိခဲ့ပြီး သြဂုတ်လအတွင်း ကူးစက်မှု၊ သေဆုံးမှုမှာ ၅ဝ ရာခို်င်နှုန်းအထိ လျော့နည်းလာခဲ့ပြီဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ