တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် စစ်ဘေးရှောင်ကျောင်းသား ၁၇၀ ခန့်စာသင်နေသည့် ကျောင်းဆောင် ၂ ဆောင် လေပြင်းတိုက်၍ ပြိုကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k


ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ ကျောင်းသား ၁၇၀ ခန့်စာသင်ကြားနေသည့် ကျောင်းဆောင် ၂ ဆောင်သည် ယနေ့ နေ့လယ်က လေပြင်းတိုက်၍ ပြိုကျသွားကြောင်း သိရသည်။
ယခင်ကပင်ယိုင်လဲနေပြီဖြစ်သော အဆိုပါကျောင်းဆောင်များသည် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ကျောင်းပညာပေးလုပ်ရန် ရောက်ရှိနေသည့် ကျောင်းသားများနှင့် ဆရာအချို့ရှိနေစဉ် လေပြင်းတိုက်၍ပြိုကျသွားခြင်းဖြစ်ပြီး ကျောင်းများနှင့် ဆရာများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု လမ်းမကျောင်းစစ်ဘေးရှောင်စခန်း ဒုတာဝန်ခံ ဦးကျော်ဝင်း နိရဥ္စရာအား ပြောသည်။
“ ဒီရက်ပိုင်း လေပြင်းနည်းနည်းတိုက်နေတာပါ။ ကံကောင်းလို့ လူတွေ ထိခိုက်မှုမရှိခဲ့ကြပါဘူး။ ကျောင်းကတော့ လုံးဝပြိုသွားတာပေါ့ဗျာ။ ပြန်ဆောက်ဖို့လည်း ပိုက်ဆံမရှိသေးဘူး။ အလှူရှင်တွေသာရှိရင် ကလေးတွေစာမေးပွဲအမီ ကျောင်းပြန်တက်လို့ရမှာပေါ့။ အခု ဒီအချိန် ဘယ်ကကျောင်းမှာ သွားတက်ရမလဲ။ သူတို့အတွက် အခက်အခဲဖြစ်မယ်” ဟုပြောသည်။
၎င်းကျောင်းဆောင် ၂ ခုမှာ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းရန်ပုံငွေဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ဝါးထရံကာ၊ ဓနိမိုး၊ ကွပ်ပျစ်အခင်းဖြင့် ပေ ၅ဝ နှင့် ၃ဝ ပတ်လည်တည်ဆောက်ထားသည့် ကျောင်းဆောင်များဖြစ်သည်ဟု သိရသည်။
ပညာရေးဌာန၏ခွင့်ပြုချက်ဖြင့် သူငယ်တန်းမှ သတ္တမတန်းအထိ ကျောင်းသား ၁၆၄ ဦးပညာသင်ယူနေခြင်းဖြစ်ကြောင်း ဦးကျော်ဝင်းက ဆက်ပြောသည်။
အဆိုပါကျောင်းမှ သတ္တမတန်းကျောင်းသူ မမဲမချေက “သမီးတို့ကျောင်း လုံးဝပြိုကျသွားတာပါ။ စာမေးပွဲကြီးကလည်း နီးနေပြီ။ ကျောင်းကို ပြန်ဆောက်ပေးနိုင်ရင်ကောင်းပါမယ်” ဟုပြောသည်။
ဘူးသီးတောင်မြို့ လမ်းမဘုန်းတော်ကြီးကျောင်းနောက်ဘက်တွင်တည်ရှိသည့် အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၊ ဘူးသီးတောင်မြို့နယ်မှ နွားရုံတောင်၊ စံဂိုးတောင်၊ သရက်ပြင်၊ သျှသျှားတောင်စသည့် ကျေးရွာ ၁၆ ရွာမှ လူဦးရေ ၁,၃၅၁ ဦးခိုလှုံနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ