ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်ဝမြို့ ပြည်သူ့ဆေးရုံကြီးခြံဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ယနေ့နံနက်က ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ပြည်သူ့ဆေးရုံကြီး ခြံဝင်းအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျတစ်လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၆ နှစ်(သို့မဟုတ်)  ၇ နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း  ဒေသခံများက ပြောသည်။

ပလက်ဝအခြေစိုက် ခလရ (၂၈၉) တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မြို့မရပ်ကွက်ရှိ ဆေးရုံကြီးအနီးရှိ ဝန်ထမ်းဆောင်အတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၁ နာရီခန့်က ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ပလက်ဝမြို့ဒေသခံများက ပြောသည်။

"ဆေးရုံကြီးထဲက ဝန်ထမ်းအိမ်ရာမှာကျတာပါ။ ဝန်ထမ်းအဆောင် အမိုးပွင့်ထွက်သွားပါတယ်။  ၂၈၉ တပ်ကနေ စစ်ပွဲဖြစ်တဲ့ နေရာတွေကို တပ်ကူပစ်ပေးနေတာပါ။ အဲဒီလိုပစ်တဲ့အခါမှာ မြို့ထဲကို ကျလာတာပါ" ဟု ပလက်ဝမြို့ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်ဒဏ်ရာမှာ ဒဏ်ရာပြင်းထန်ပြီး နောက်ထပ် ဒဏ်ရာရသူ များများစားစားမရှိဟုလည်း ကနဦးကြားသိထားရကြောင်း ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

"RPG ကျတာလို့သိရတယ်။ ထိခိုက်ဒဏ်ရာရရှိသူကတော့ များများစားစား မရှိသေးဘူး။ ဆေးရုံအနောက်ဘက်က ဝန်ထမ်းအိမ်ရာမှာ ကျတာပါ။ မြို့ပေါ်အနေအထားမှာကျတဲ့အခါတော့ စိုးရိမ်စရာရှိတယ်ပေါ့နော်။ အရင်တုန်းကတော့ ဒီလို မြို့ပေါ်မှာလာကျတာတော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါ ပလက်ဝမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လက်နက်ကြီးကျည် ကျရောက်မပေါက်ကွဲခင်တွင် ပလက်ဝမြို့အခြေစိုက် ခလရ ၂၈၉ တပ်ရင်းက လက်နက်ကြီးများဖြင့် နာရီဝက်အကြာ ပစ်ခတ်မှုများပြုလုပ်လျက်ရှိပြီး ဆေးရုံဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက်တွင် လက်နက်ကြီးပစ်ခတ်သံများ ရပ်တန့်သွားကြောင်း ဒေသခံများကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် အခြားဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း သိမ်းပိုက်ရရှိရန်အတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲထဲက လက်နက်ကြီးသံများ၊ လေယာဉ် ဗုံးကြဲချသံများကို ပလက်၀မြို့ပေါ်ကပါ ကြားနေရသည်ဟု ဆိုသည်။ (NN-8)

Photo- google

ဆက်စပ် သတင်းများ