ရခိုင်ပြည်နယ်၊
သံတွဲမြို့နယ်တွင် လျှပ်စစ်မီတာခ ကျပ် ၂ သိန်းအထက်ကျော်လျှင် ဘဏ်၌ ချက်လက်မှတ် (သို့မဟုတ်) ဘဏ်ငွေပေးအမိန့် Payment Order-PO များဖြင့်
ပေးသွင်းရမည်ဟု
လျှပ်စစ်ဓာတ်အားစွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက အသိပေးထုတ်ပြန်လိုက်သည်။
သံတွဲမြို့နယ်ရှိ
လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဓာတ်အားခပေးဆောင်ခြင်းနှင့်ပတ်သက်၍
ကျပ် ၂ သိန်းအထိ ဓာတ်အားခများကို ငွေကောက်ကောင်တာများတွင် ငွေသားဖြင့်ပေးဆောင်ရမည် ဖြစ်ပြီး ကျပ် ၂ သိန်းအထက်
ဓာတ်အားခများကို ဘဏ်၌ပေးသွင်းရမည်ဟု ယခုရက်ပိုင်းထုတ်ပြန်သည့်
အဆိုပါအသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မီးသုံးစွဲသူများအနေဖြင့်
ဘဏ်တွင် Payment Order-PO ဖြင့် ဓာတ်အားခပေးသွင်းရန် အခက်အခဲရှိပါက
"လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေးရုံးတွင်
ဘဏ်ငွေသွင်းချလံရယူပြီး မီးသုံးစွဲသူကိုယ်တိုင် ဘဏ်သို့သွားရောက် ပေးသွင်းရမည်" ဟုလည်း
အသိပေးထုတ်ပြန်ထားသည်။
သံတွဲမြို့ခံ
ကိုတိုးလေးက "မီတာခက သတ်မှတ်ရက်အတွင်းသွားဆောင်ရတဲ့အခါ ကြန့်ကြာတာတွေ ရှိတယ်။ ဒီဘဏ်မှာ
သွားဆောင်ရမယ်ဆိုရင်လည်း ပိုက်ဆံထုတ်တာတို့နဲ့ ကျန်တဲ့ငွေရေးကြေးရေး ကိစ္စတွေနဲ့ ကြန့်ကြာမယ်လို့တော့ထင်တယ်။
ဒါပေမဲ့ သူတို့က ဘယ်လို ကဏ္ဍခွဲပေးထားမယ်တော့ မသိဘူး”ဟု
ပြောသည်။
ငွေကျပ် ၂ သိန်းကျော် လျှပ်စစ်ဓာတ်အား သုံးစွဲသူများမှာ
လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက် လုပ်ကိုင်သူများဖြစ်၍ ဘဏ်တွင် သွားသွင်းလျှင်လည်း
အဆင်ပြေနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ နှစ်သိန်းကျော်အထက်မှာ
သုံးစွဲတဲ့သူတွေက လုပ်ငန်းပိုင်ဆိုင်ရာတွေလုပ်ဆောင်နေသူမို့လို့
အလုပ်သမားတွေကို
သွားသွင်းခိုင်းလည်း
အဆင်ပြေတယ်။ နှစ်သိန်းကျော်အထက် သုံးတဲ့သူတွေက
သာမန်ထက် အလတ်တန်းစားအဆင့်ဆိုတော့ သူတို့အိမ်ကအလုပ်သမားသော်လည်းကောင်း
သွားသွင်းခိုင်းရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်" ဟု ပြောသည်။
ယင်းအပြင် အဆိုပါထုတ်ပြန်ချက်တွင်
နိုင်ငံတော်ဗဟိုဘဏ်၏ အသိအမှတ်ပြုဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏
Online/Mobile Banking/ Application များဖြင့် ဓာတ်အားခပေးချေခြင်းဆောင်ရွက်နိုင်သလို မီးသုံးစွဲသူများအနေဖြင့်လည်း
ဘဏ်တွင် စာရင်းဖွင့်လှစ်ပြီး လစဉ်ကျသင့်သော ဓာတ်အားခများကို
ဘဏ်စာရင်းမှ နှုတ်ယူပေးသွင်းသည့် စနစ်ဖြင့်လည်း ပေးဆောင်နိုင်သည်ဟုလည်း
ဖော်ပြပါရှိသည်။