တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မင်းပြား တိုင်းဗဟို (၉) လက်နက်ကြီးပစ်ခတ်မှု ၂ ရက်ဆက်တိုက်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 975

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီသင်တန်းကျောင်းတစ်ခုဖြစ်သည့် တိုင်းဗဟို (၉)က လက်နက်ကြီးများ ပစ်ခတ်မှု  ၂ ရက်ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတိုင်းဗဟို(၉)က ယနေ့ အောက်တိုဘာလ ၂ဝ ရက်၊ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်က တစ်နေကုန်နီးပါးခန့် လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တိုင်းဗဟို(၉)အနီးရှိ ငှက်ပျောချောင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက “ဒီကနေ့မနက်ကဆိုရင် မနက်မိုးလင်းကတည်းကနေ ပစ်နေတာ။ မွန်းတည့် ၁၂ နာရီလောက်အထိ ပစ်ခဲ့တယ်။ နောက်ပြီး နေ့လယ် ၁ နာရီလောက်မှာလည်း ထပ်ကြားသေးတယ်။ မနေ့ကဆိုလည်း တစ်နေကုန်နီးပါး ပစ်ပါတယ်”ဟု ပြောသည်။

တိုင်းဗဟို (၉)စစ်သင်တန်းကျောင်းသည် မင်းပြားမြို့နယ်၊ ငှက်ပျောချောင်း၊ ကမ်းနီနှင့် မေလွမ်းရွာအနီးရှိ အရှေ့ဘက်တောင်တန်းပေါ်တွင်ရှိပြီး သင်တန်းဆင်းပွဲများ ပြုလုပ်သည့်နေ့များတွင် လက်နက်ကြီးသံများ ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

သို့သော် ဒေသခံများကို ကြိုတင်အသိပေးထားခြင်းမရှိဘဲ ရုတ်တရက် ပစ်ခတ်သည့်အတွက် စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်၊ ဇွန်လ ၇ ရက်နှင့် ၈ ရက်တို့ကလည်း အဆိုပါတိုင်းဗဟို (၉)က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတိုင်းဗဟို (၉)သင်တန်းကျောင်းသည်  ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော်က ဝင်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်က အကျအဆုံးတချို့ရှိခဲ့ပြီး သင်တန်းကျောင်းဆောင်များကိုလည်း အေအေက မီးရှို့ခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ရပ်ထားကြသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီဘက်က စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ တိုးမြှင့်ကာ ဒေသခံများကို စစ်ဆေးမှုများ တင်းကျပ်လျက်ရှိနေသည်ဟု သိရသည်။ (NN-16)

ပုံစာ- ၂၀၂၀ခုနှစ် မတ်လ ၂၃ ရက်နေ့က တိုင်းဗဟို(၉) ကို ရက္ခိုင့်တပ်တော်မှ ဝင်တိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက်များကိုတွေ့ရစဉ် (ပုံဟောင်း)


ဆက်စပ် သတင်းများ