သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေမြို့၌တည်ဆောက်နေသည့် သာသနာ့အဇာနည်အသျှင်စန္ဒြမဏိဗိမာန်တော် ၇၅ ရာခိုင်နှုန်းပြီးစီး၊ မြေနေရာနှင့်ငွေအခက်ခဲကြောင့် ကျန် ၂၅ ရာနှုန်းကို ပြီးစီးအောင်မလုပ်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5.2k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၁/ ၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ တည်ဆောက်နေသည့် သာသနာ့အာဇာနည် ဆရာတော်ကြီး အသျှင်စန္ဒြမဏိဗိမာန်တော်မှာ ၇၅ ရာနှုန်းထိ ပြီးစီးနေပြီဖြစ်သော်လည်း ကျန် ၂၅ ရာနှုန်းကို မြေနေရာနှင့် ငွေအခက်ခဲကြောင့် ပြီးစီးအောင် မဆောက်လုပ်နိုင်သေးဘဲ ဖြစ်ကြောင်း သတင်းရရှိသည်။

အသျှင်စန္ဒြမဏိ ဗိမာန်တော်ကို စစ်တွေမြို့လေယာဉ်ကွင်း အဝင်လမ်း၌ တည်ဆောက်နေပြီး လက်ရှိ အချိန်တွင် ပင်မဗိမာန်တော်အဆောင်၊ အဝင်မုခ်ဦး၊ ခြံစည်းရိုးကာရံထားမှုများကို လှပသေသပ်စွာ မြင်တွေ့နေရပြီဖြစ်သည်။

အသျှင်စန္ဒြမဏိ ဗိမာန်တော်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ဦးရွှေကျော်သာက ကျွန်တော်တို့ အခက်ခဲဖြစ်နေတာက မုခ်ဦးကို လုပ်မယ်ဆိုရင် အဲဒီဘက်က တပ်ကပိုင်တဲ့ မြေနေရာ ပေ ၂၀ လောက်လိုနေပါတယ်။ အဲဒါအခက်ခဲဖြစ်နေပါတယ်။ ဒါကို ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းက ဒီအခက်ခဲကို တင်ပြတဲ့အခါ လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒါကို အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်ဟု ပြောသည်။

အဆိုပါ ဗိမာန်တော်ကို ရခိုင်ပြည်နယ်မှ ဗိသုကာပညာရှင် ဦးထွန်းညိုက မြောက်ဦးခေတ် လက်ရာများဖြင့် ရေးဆွဲပုံဖော်ပေးထားခြင်းဖြစ်ပြီး ဗိမ္မာန်တော်ကို နှစ်ပေါင်း ၅၀၀ ခန့်ကြာ ခိုင်ခန့်ရန်အတွက် ငွေကြေးများစွာ အကုန်ကျခံကာ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သူက ပြောသည်

ဗိမ္မာန်တော်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကစတင်ကာ အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ကာ လက်ရှိတွင် ငွေကျပ်သိန်း ခြောက်ထောင်ကျော် ကုန်ကျနေပြီဖြစ်ကြောင်း၊ ဗိမ္မာန်တော် ပြီးစီးအောင် ဆောက်လုပ်ရန် နောက်ထပ် ငွေကျပ် သိန်း လေးထောင်ခန့် လိုအပ်မည်ဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။

 “ဆရာတော်ကြီး အသျှင်စန္ဒြမဏိဟာ တကယ့် အာဇာနည်ပုဂ္ဂိုလ်တစ်ပါးပါ။ အိန္ဒိယနိုင်ငံမှာ အခက်ခဲပေါင်းစုံကြားက ဗုဒ္ဓဘာသာထွန်းကားဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ဆရာတော်ရဲ့ ကြိုးပမ်းမှုကြောင့်ပဲ အခုကျွန်တော်တို့ ကမ္ဘာက ဗုဒ္ဓဂါယာအဖြစ် အသိအမှတ်ပြုနေတဲ့ ဘုရားရှင် ပရိတ်နိဗ္ဗာန်ပြုတဲ့နေရာ၊ ဒါဟာ ဘုရားရှင် ဓမ္မစင်္ကြာဟောတဲ့နေရာဆိုတာကို အကုန်လုံးကို ဆရာတော်ကြီးကိုယ်တိုင်က ရှာဖွေဖော်ထုတ်ပြီးခဲ့တယ်လို့ သိရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက အိန္ဒိယနိုင်ငံမှာ ပွင့်ခဲ့တာမှန်ပေမဲ့ ဗုဒ္ဓဘာသာက အိန္ဒိယနိုင်ငံမှာ ပျောက်ကွယ်သွားတဲ့အဆင့်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီးက ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာအောင် လုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာခဲ့တယ်လို့ သိရပါတယ်။  ီလို ထူးမြတ်တဲ့ ဆရာတော်ကြီးတစ်ပါးကို ဂုဏ်ပြု ပူဇော်သင့်တယ်လို့ ယုံကြည်တဲ့အတွက် အခုလို ဗိမာန်တော်တစ်ခု ဆောက် လုပ်ခဲ့ကြတာပါဟု သူက ဆက်ပြောသည်။

 ယင်းဗိမ္မာန်တော်ကြီးတွင် ဆရာတော်ကြီး အသျှင်စန္ဒြမဏိကြေးရုပ်ထုအား ထားရှိမည်ဖြစ်ပြီး မိသားစုအပန်းဖြေရန် ပန်းခြံနှင့် ခမ်းမကြီးတစ်ခုအား ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း အသျှင်စန္ဒြမဏိ ဗိမာန်တော်တည်ဆောက်ရေးကော်မတီမှ နာယကအဖွဲ့ဝင် ဦးစိန်သာဦးက ပြောသည်။

ကျွန်တော်တို့က မြေနေရာအခက်ခဲအပြင် အခုကိုဗစ်နဲ့ဆိုတော့ ကြေးငွေလည်းအခက်ခဲရှိတယ်။ ကိုဗစ်နဲ့ အလှူခံမထွက်ရတော့ ငွေကြေးအခက်ခဲရှိပါတယ်။ ဒါကြောင့် ဒါဟာ တစ်ပိုင်း တစ်စဖြစ်နေပါတယ်။ ဆောက်လုပ်နေတာ မပြီးသေးဘူးပေါ့နော်ဟု ပြောသည်။

ထိုဗိမ္မာန်တော်ကြီးဖြစ်ပေါ်လာရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငွေ ကျပ်သိန်း သုံးရာ၊ ဘိလပ်မြေအိတ်နှစ်ထောင်နှင့် မြေ ၂ ဧကတို့အား ပါဝင်လှူဒါန်းထားသော်လည်း မုခ်ဦးလုပ်ရန် ၎င်းပေ ၂၀ မြေကို ရရှိခြင်းမရှိသေးဟု ၎င်းက ပြောသည်။

ဆရာတော် စန္ဒြမဏိသည် သာသနာ့ အာဇာနည် ရဟန်းတော် တစ်ပါးဖြစ်ပြီး ဗုဒ္ဓဘာသာ ပျောက်ကွယ် လုနီးပါး ဖြစ်နေသော အိန္ဒိနိုင်ငံနှင့် နိပေါနိုင်ငံများတွင်  ဗုဒ္ဓဘာသာ ပြန်လည် ရှင်သန်လာရန် ကိုယ်ကျိုးစွန့် အနစ်နာခံကာ သာသနာပြုခဲ့သည်။

ဆရာတော်ကြီး၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဗဟိုတရားရေးဝန်ကြီး ဒေါက်တာ အဗ္ဗေဒကာဦးဆောင်သည့် အိန္ဒိယနိုင်ငံသား (၆) သိန်းကျော်တို့သည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သည်။

ဆရာတော်၏ စွမ်းဆောင်မှုကြောင့် အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် ဗုဒ္ဓဘာသာ ပြန်လည် ရှင်သန်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ဆရာတော်ကြီးသည် ဘာသာ သာသနာ အကျိုးကို သယ်ပိုးရွက်ဆောင်နေစဉ် ၁၉၇၂ ခုနှစ် မေလ ၈ ရက်နေ့တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူခဲ့သည့် ကုသိနာရုံတွင် ပျံလွန်တော်မူခဲ့သည်။

ဆက်စပ် သတင်းများ