သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မဟာမုနိစစ်ဘေးရှောင်စခန်းတွင် စုပေါင်းကထိန်ပွဲတော်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၃ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် တန်ဆောင်မုန်း လပြည့်နေက စုပေါင်းကထိန်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လူဦးရေ ၂၅ဝဝ ကျော်ရှိသည့် စစ်ဘေးရှောင်များအတွက် စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်ကာ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါ ကထိန်ပွဲကို ဦးဆောင်ကျင်းပသည့် ဆရာတော် ဦးဉာဏက နိရဥ္စရာသတင်းဌာကို မိန့်ကြားသည်။

“ဒေသအခြေနေကြောင့် အိုးအိမ်တွေစွန့်ခွာပြီး ဒီမှာ လာခိုလှုံနေရတဲ့အခါ သူတို့အတွက် ကုသိုလ် ကောင်းမှုလုပ်နိုင်တဲ့ အနေအထားမရှိ ဖြစ်နေကြတယ်။ စားသောက်ဖို့တောင် သူများဆီက ပေးကမ်းမှ စားရတာ သူတို့အနေနဲ့ ကုသိုလ်ကောင်းမှုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ဘာသာရေးအရ ကုသိုလ်ကောင်းမှု ရရှိအောင် ရည်ရွယ်ချက်နဲ့လုပ်လိုက်တာ။ သူတို့အတွက်လည်း စိတ်ခွန်အားတွေ ဖြစ်တာပေါ့။ သူတို့ရဲ့ စိတ်ဓါတ် အားငယ်မှုတွေက ပိုပြီးတော့ တိုးလာတယ်။ အဓိကတော့ စစ်ဘေးရှောင်ပြည်သူတွေ ကုသိုလ်ကောင်းမှုရစေချင်တဲ့် ဆန္ဒနဲ့ ဒီကထိန်ပွဲကို လုပ်ရခြင်းဖြစ်ပါတယ်။”

အဆိုပါ ကထိန်ပွဲဖြစ်မြောက်ရန် အမေရိကန်၌ သီတင်းသုံးနေထိုင်သည့် အလိုတော်ပြည့် ဆရာတော်ကြီးအား ဦးထိပ်ထားပြီး  ရန်ကုန်မြို့ရှိ အလိုတော်ပြည့်ကျောင်းမှ ဆရာတော် ဦးကုမာရထံ လမ်းညွှန်မှုဖြင့် ပြုလုပ်ခြင်း ဖြစ်ကာ ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကထိန်ပွဲအတွက် အလှူငွေ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဆရာတော် ဦးဉာဏက ပြောဆိုသည်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်အဖြူချေက “အခုလိုမျိုး ကထိန်လုပ်တာကို ကျွန်မတို့ ပျော်ပါတယ်။ စိတ်ချမ်းသာမှုလည်း ရပါတယ်။ လုပ်ပေးတဲ့ အလှူရှင်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလိုမျိုး ကျွန်မတို့ စစ်ဘေးရှောင်တွေအတွက် တကူးတက လုပ်ပေးတာမျိုးမရှိဘူးလေ။ အခုက သီးသန့် စစ်ဘေးရှောင်တွေ အတွက် ကထိန်ပွဲတွေလာလုပ်ပေးတဲ့အတွက် ပျော်လည်းပျော်သလို ဝမ်းလည်းနည်း ပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေရဘူးဆိုတော့ ကိုယ့်ရွာကို အရမ်းသွားချင်သွားတယ်။ ရွာမှာ အေးအေးချမ်းချမ်း နေချင်ပါပြီ” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် နဂရာ၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်း၊ ကျောက်ဂူစု၊ အလယ်ကျွန်း၊ မျောက်တောင်၊ သာစည်၊ မာလာ၊ ကွမ်းစျေး၊ ပြိုင်းတိုင်း၊ လောင်းရှည်၊ တင်းမ၊ ပလက်ဝမြို့နယ်၊ သူဌေးကုန်း၊ စိမ့်စမ်း၊ ရေချမ်းဝ၊ လိပ်ခေါင်းနှင့် မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်းလူဦးရေ ၂၅၁၂ ဦး လာရောက်ခိုလှုံနေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ