တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

မင်းပြားမြစ်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ထပ်မံဗုံးကြဲ၍ အမျိုးသမီး ၃ဦး သေဆုံးပြီး လူဆယ်ဦးထက်မနည်းဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 736

အောင်ကြွယ်ငြိမ်း၊ နိရဉ္စရာ၊ ဧပြီ ၃/ ၂၀၂၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/စရိုင်းချောင်းကျွန်း၊ မြစ်နားကျေးရွာကို ယနေ့ ဧပြီလ ၃ ရက်နေ့၊ ညအချိန် နံနက် ၄ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ အရပ်သားအမျိုးသမီး ၃ဦး ပွဲချင်းပြီး သေဆုံးပြီးလူ ၁၀ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

သေဆုံးသွားသူများမှာ မင်းပြားမြို့နယ်၊  င/စရိုင်းချောင်းကျွန်း၊ မြစ်နားကျေးရွာမှ ဒေါ်ဦးကြည်အေး(၅၀)နှစ်၊ မဦးသိန်းစိုး(၂၃)နှစ်နှင့် မဆွေဆွေထွန်း(၂၉)နှစ်တို့ဖြစ်သည်။

 မြစ်နားကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက" မိုးလင်းခါနီး ဗုံးလာကြဲတာ။ ရွာသားတွေက အိပ်ပျော်နေကြတုန်းပဲ ရှိတယ်။ ဗုံးက ဒေါ်ဦးကြည်အေး နေအိမ်မှာလာကျတယ်။ ဒေါ်ဦးကြည်အေးနဲ့ သူ့သမီးမဦးသိန်းစိုးက ပွဲချင်းပြီးသေတယ်။ သူ့ယောကျာ်းနဲ့မြေးလေးပါ ပြင်းထန်ဒဏ်ရာရကြတယ်။ သားဖြစ်သူကတော့ အိပ်နေရာကထပြေးလို့လွတ်သွားတယ်။ ဘေးနားအိမ်က မဆွေဆွေလည်း ဗုံးစလာကျလို့သေတယ်။ သူနဲ့အတူအိပ်နေတဲ့ အဖော်မိန်းကလေးပါပြင်းထန်ဒဏ်ရာရသွားပါတယ်" ဟု ပြောသည်။




နောက်ပြီး နေအိမ်တချို့တွင် ဒဏ်ရာရရှိသူ ၁ဝ ဦးထက်မနည်းရှိနေပြီး နေအိမ်အများအပြား ပျက်စီးသွားခဲ့ကြောင်း၎င်းက ဆက်ပြောသည်။

“ ဘယ် အေအေမှ မရှိဘူး။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ အလိုလို အရပ်သားရွာထဲကို ဗုံးလာကြဲတာ။ ဘာမှ အပြစ်မရှိဘဲနဲ့ ရွာက အမျိုးသမီးတွေ သေသွားခဲ့ကြရတယ်။ အထူးစိတ်မကောင်းစရာပါပဲ” ဟု ပြောဆိုသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရခိုင်ပြည်က မြို့နှင့် လူနေကျေးရွာများကို နေ့စဉ် ရက်ဆက်ဆိုသလို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံ အရပ်သားပြည်သူအများအပြားထိခိုက်သေဆုံးမှုများ ရှိနေကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ ၂ရက်၊ ညနေ ၅နာရီ ၂၅မိနစ်ခန့်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၂စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ မြစ်နားတန်းရပ်ကွက်မှ ဦးထွန်းကြည်(၅၈)နှစ်၊ ကိုမြင့်ချေ(၃၉)နှစ်၊ ကိုစည်သူမျိုးအောင်(၂၂)နှင့် (အမည်မသိရသေးသူတစ်ဦး)တို့မှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကာ လူနေအိမ်များပါ ပျက်စီးသွားခဲ့သည်။

 

ဆက်စပ် သတင်းများ