သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

မုန်တိုင်းအလွန် ရေခဲရှားပါးမှုနှင့်စျေးကြီးမြင့်မှုတို့ကြောင့် ရခိုင်ရေလုပ်ငန်း အခက်အခဲထပ်ကြုံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

မိုခါမုန်တိုင်းအတွင်း ရခိုင်တွင် ရေခဲစက်ရုံများလဲပြိုမှု၊လျှပ်စစ်မီးများ ပြတ်တောက်သွား၍ ရေခဲကုန်ထုတ်လုပ်သည့် ပမာဏလျော့ကျသွားမှုတို့နှင့်အတူ တစ်ဖက်တွင်လည်း ရေခဲစျေးမြင့်တက်သွားရာမှ ရခိုင်ရေလုပ်ငန်းကို ထိခိုက်မှုရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေခဲစက်ရုံများပုံမှန်မလည်ပတ်နိုင်သေးသည့်အတွက် ပင်လယ်သို့ငါးဖမ်းထွက်ရန် လုံလောက်သည့် ရေခဲတုံးများဝယ်မရဖြစ်နေ​ပြီး စျေးလည်း သုံးဆခန့်  မြင့်တက်သွားသည်ဟု ဆိုသည်။

 

စစ်တွေမှာ မုန်တိုင်းကြောင့် ရေခဲစက်ရုံတွေ ပျက်သွားတယ်။ ကျန်နေခဲ့တဲ့ စက်ရုံတချို့လည်း လျှပ်စစ်မီးလည်း ပုံမှန်မရဆိုတော့ မထုတ်လုပ်နိုင်ဘူး။ ဒါကြောင့်ရေခဲက ရှားသွားတယ်။ ရေခဲ ပေါင် ၃၀၀ တစ်တုံးကို အရင်က ကျပ် ၇၀၀၀ ရှိရာကနေ အခု  ကျပ် ၂၀,၀၀၀ အထိ ၃ ဆနီးပါး စျေးမြင့်တက်သွားပါတယ် ဟု ငါးဖမ်းဘုတ် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

 

ရေခဲရှားပါးသည့်ပြဿနာကြောင့် ဖမ်းမိသည့် ငါးများကို ပြည်မ နှင့် နိုင်ငံခြားသို့  မတင်ပို့နိုင်တော့သဖြင့်  အနီးအနားဒေသများတွင် ရသည့်စျေးနှင့် ရောင်းချနေရ၍ အဆင်မပြေ ဖြစ်နေရသည်ဟု ဧရာဝတီတိုင်းမှ ရခိုင်ပင်လယ်ပြင်သို့ လာရောက် ငါးဖမ်းနေသည့် ဦးစိုးမင်းသူက ပြောသည်။

 

 "ကျနော်တို့ အဖွဲ့မှာ ငါးဖမ်းသင်္ဘောက  ၁၅ စီးလောက်ရှိတာမှာ ၅ စီးလောက်ပဲ ထွက်နိုင်တယ်။ ၃ ပုံ ၁ ပုံလောက်ပဲ ထွက်နိုင်တယ်။ တစ်ခေါက်လောက်ထွက်ကြည့်တယ်။ ရှုံးတယ်။ နောက်တစ်ခေါက် ထွက်ကြည့်တယ်။ ရှုံးတယ်ဆိုတဲ့အခါကျတော့ ၃ ခေါက်ရှုံးဖို့အတွက်ကျတော့ အဆင်မပြေတော့ဘူး။ အဲ့ဒါနဲ့ပဲ ရပ်ထားရတယ်" ဟု ပြောသည်။

 

ယင်းအပြင် မုန်တိုင်းတိုက်ပြီးနောက် ငါး၊ ပုစွန်လည်း ရှားပါးသွားပြီး ရရှိလာသည့် ငါး ပုဇွန်များမှာလည်း  စျေးကောင်းမရသည့်အတွက် အရှုံးမပေါ်အောင် မနည်းကြိုးစားနေရသည်ဟု ဦးစိုးမင်းသူက ဆက်ပြောသည်။

 

"မုန်တိုင်းတိုက်ပြီးနောက် သား၊ ငါး၊ ပုစွန်တွေက ဘယ်လိုဖြစ်သွားလဲ မသိဘူး။ အရင်ကဆို တစ်ခေါက်ဆင်းရင် ကိုယ့်အတွက် ဆယ်သိန်းဆိုလည်း ကျန်တယ်။ ဆယ့်ငါးသိန်းဆိုလည်း ကျန်တယ်။အခု မုန်တိုင်းတိုက်ပြီးတော့ ကိုယ့်အတွက် ငါးသိန်းကျန်ဖို့ဆိုတာမလွယ်တော့ဘူး။ ရဖို့ထက် လူတွေကမရှုံးအောင်ကြိုးစားနေကြရတယ်"ဟု ဆိုသည်။



တချို့မှာ ကျောက်ဖြူမှ ရေခဲသွားဝယ်မှုများရှိသော်လည်း အကုန်အကျများပြီး အရှုံးပေါ်သည့်အတွက် အများစုမှာ ငါးဖမ်းလုပ်ငန်းကို ရပ်နားထားသည်ဟု ငါးဖမ်းသမားများက ပြောသည်။

 

၎င်းပြင် ငါးဖမ်းလုပ်ငန်းကို အများစုလုပ်ကိုင်သည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မာန်အောင်စသည့်မြို့နယ်များတွင် ငါးဖမ်းစက်လှေများပျက်စီးမှုများပြားခဲ့ပြီး ငါးဖမ်းလုပ်ငန်းပုံမှန်လည်ပတ်နိုင်မှု မရှိသေးကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

 

ယင်းကြောင့် ငါးဖမ်းစက်လှေအများစုရပ်နားထားရသည့်အတွက် ရေလုပ်သားများမှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံနေကြရသည်ဟု စစ်တွေမြို့၊ ကျေးတောရွာမှ ငါးဖမ်းစက်လှေ ပိုင်ရှင်တစ်ဦးက ပြောသည်။

 

"ရေလုပ်သားတွေက ရေလုပ်ငန်းတစ်ခုပဲ ကျွမ်းကျင်တာရှိတော့ ကုန်းထက်မှာလည်း သူတို့က အဆင် မပြေနိုင်တော့ဘူး။ဒါကြောင့် တခြားအလုပ်ကြမ်းလုပ်ဖို့ကလည်း ကျွမ်းကျင်မှုမရှိတော့ မလုပ်ချင်ကြဘူး။ ရေလုပ်ငန်းတစ်ခုပဲ အားထားပြီးလုပ်နေကြတော့ ငါးဖမ်းလှေတွေ ပျက်စီးသွားတော့  အခက်အခဲက အများကြီးကြုံကြရပါတယ် " ဟု ဆိုသည်။

 

ရခိုင်ပြည်နယ်သည် ရေလုပ်ငန်း နှင့် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့် ဒေသဖြစ်၍ ငါးလုပ်ငန်းအဆင်မပြေမှုမှာ ရခိုင်ပြည်၏ လူမှုစီးပွါးဘဝများကိုလည်း သက်ရောက်မှု များစွာရှိနိုင်သည့် အတွက်ငါးလုပ်ငန်းဦးစီးဌာနအနေနှင့် ကူညီဖြေရှင်းပေးစေလိုကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

 

ယခုကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။ (NN-7)

ဆက်စပ် သတင်းများ