တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း ယိုးတရုတ်ရထားဘူတာ မိုင်းပေါက်ကွဲ၍ ၁၀ နှစ်အရွယ် စစ်ဘေးရှောင် ကလေးတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ဘူတာ ဂဏန်းတောင်စစ်ဘေးရှောင်စခန်း အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ အသက် ၁၀ နှစ် အရွယ်ကလေး တစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။

သေဆုံးသူ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည်ကျေးရွာမှ ဦးဇော်နိုင်၏သား မောင်နေတိုးဟိန်း (၁၀)နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသွားသူများမှာ မောင်မျိုးဇော်ဟိန်း(၈)နှစ်နှင့် မောင်မျိုးချစ်ဦး(၆)နှစ်တို့ ဖြစ်သည်။

သူတို့သည် ယ​နေ့ အောက်တိုဘာ ၈ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စခန်းအနီး ဆော့ကစားနေစဥ် မိုင်းအား တစ်ခုခုဖြင့် ပစ်ပေါက်ခဲ့သည့်အတွက် ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်ကြောင်း ယိုးတရုတ်ရွာအုပ်ချုပ်ရေးမှူး ကျန်သိန်းချေက ပြောသည်။

"မျိုးဇော်ဟိန်း၊ နေတိုးဟိန်း၊ မျိုးချစ်ဦး ကစားနေကြစဥ် မိုင်းကို ကျောက်ခဲလိုမျိုး တစ်ခုခုနဲ့ ပစ်ပေါက်ရာကနေ ပေါက်ကွဲတာထင်ပါတယ်"ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်ကလေးနှစ်ဦးကို ပုဏ္ဏားကျွန်းဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယူဆောင်လာကြောင်း သိရသည်။

ယခုပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာအနီးတွင် စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်က တကျော့ပြန်တိုက်ပွဲကာလအတွင်း တပ်စွဲနေထိုင်ခဲ့ဖူးသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလအထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ဒေသခံ ၄၉ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ခဲ့ဖူးသည်။ (NN-10)

ဆက်စပ် သတင်းများ