တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် အာရ်ဗီစာသင်ကျောင်းဟောင်းတစ်ဆောင် မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ဇန်နဝါရီ ၃၀ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အာရ်ဗီစာသင်ကျောင်းဟောင်းတစ်ဆောင် ယနေ့နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သောကျောင်းဆောင်မှာ မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်ရှိ သုသာန်အာရ်ဗီစာသင်ကျောင်းတစ်ဆောင်ဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ရှာဟေဒုလ်ဟောက်က နိရဥ္စရာကိုပြောသည်။
“မီးလောင်တာက စာသင်ကျောင်းဟောင်းပါ။ အဲ့နားမှာ ဗလီလည်းရှိတယ်။ ၂၀၁၂ ကတည်းက ပိတ်ထားတာ။ လူမရှိလည်း လျှပ်စစ်မီးထွန်းပေးထားတယ်။ ဝါယာရှော့ခ်ဖြစ်လို့တော့ထင်တယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ အဲလောက်မရှိပါဘူး”ဟုပြောသည်။
အဆိုပါမီးလောက်ခဲ့သော စာသင်ကျောင်းဟောင်းမှာ ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်းများနှင့် ဒေသခံများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၁ နာရီခန့်တွင် မီးငြိှမ်းသွားခဲ့သည်ဟု သိရသည်။
မောင်တောမြို့နယ်မီးသတ်ဦးစီး ကိုထွန်းရွှေခိုင်က“ဝါယာရှော့ခ်ကြောင့်ထင်တယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတာ ဆက်လက်စုံစမ်းနေဆဲပါ” ဟုပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်တွင် မူဆလင်ဘာသာရေးအာရ်ဗီကျောင်းတစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဆက်စပ် သတင်းများ