တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်မြို့နယ် ၄ ခုတွင် ရက်ပိုင်းအတွင်းမီးလောင်မှုဖြစ်၊ အသက် ၉ဝ အရွယ်မျက်မမြင်အဖွားအို ၁ ဦး ဒဏ်ရာအပြင်းအထန်ရပြီး နေအိမ် ၄ လုံးပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၇/ ၂ဝ၂၂
ရခိုင်ပြည်နယ်ရှိမြို့နယ် ၄ ခုတွင် ယခုရက်ပိုင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် အသက် ၉ဝ အရွယ် အဖွားအို ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။
ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အဖွားအိုမှာ မြောက်ဦးမြို့နယ် နားကန်ကျေးရွာမှ ဒေါ်မစိန်ဖြူဖြစ်သည်။
ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေအိမ်အတွင်းတစ်ဦးတည်းရှိနေစဉ် ဆိုလာမီးမှတဆင့် နေအိမ်အားမီးစွဲလောင်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျေးရွာအတွင်း ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
နားကန်ကျေးရွာမှ နာရေးကူညီရေးအသင်းတာဝန်ရှိသူ ဦးဦးကျော်ဝင်းက “အတူနေတဲ့ သားသမီးလင်မယားက တောင်ယာ၊ ဝါးခုတ်သွားတဲ့အချိန်မှာ လောင်တာ။ အဖွားက မျက်စိမမြင်တော့ မီးလောင်တာမသိဘူး။ ခန္ဓာတွေ၊ ကျောတွေလောင်လာလို့ မီးလောင်တာလည်းမသိပဲ ထပြေးပြီး အိမ်ဘေးအုန်းတောထဲကရေအိမ်မှာ ဝပ်နေတာသွားတွေ့ခဲ့တာပါ။ အိမ်ကတော့ ပြာကျသွားတယ်။ အခုရွာမှာ ငှက်ပျောဖက်တွေနဲ့ ခင်းပြီး ဆေးကုနေရတယ်”ဟုပြောသည်။
အလားတူ ပြီးခဲ့သည့်ညဥ့် ၁၂ နာရီခွဲခန့်ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက်(၈)နောက်တန်းတွင်လည်း လူမနေသည့် တဲအိမ်တစ်ဆောင်မှာ မီးလောင်ခဲ့ပြီး မိနစ်ပိုင်းအကြာတွင် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာမှ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း (၁၂×၁၈×၁၂)ပေ လူနေအိမ်(၁)လုံးတွင်လည်း လျှပ်စစ်မီးဖိုအား မီးပလပ်မဖြုတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ခဲ့သည်ဟု ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၃ ရက် ညကလည်း သံတွဲမြို့နယ် ကျီးကန်းရဲကျေးရွာတွင် လူမနေသည့်နေအိမ်တစ်လုံးသည် မီးကြွင်းမီးကျန်ပေါ့ဆမီးမှတဆင့်မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ