တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ၂ လအတွင်း မီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၂၆ လုံး၊ ကား ၁ စီးနှင့် ဂိုဒေါင် ၂ လုံး ပျက်စီးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.8k


သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁ / ၂၀၂၂
ရခိုင်ပြည်နယ်တွင် ၂ လအတွင်း မီးလောင်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၂၆ လုံး၊ ကျပ်သိန်း ၅ဝဝ တန်ဖိုးရှိ ကား ၁ စီးနှင့် ဂိုဒေါင် ၂ လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ရခိုင်တွင် ယခုနှစ် ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း မီးလောင်မှုဖြစ်ပွားခဲ့မှုများကြောင့် ယခုကဲ့သို့ လူသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ လူ ၅ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အဓိက အကြောင်းရင်းမှာ ပေါ့ဆမီးကြောင့်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မီးသုံးစွဲရာတွင် မပေါ့ဆကြရန်လိုပြီး ထင်း၊ မီးသွေးဖြင့် ချက်ပြုတ်စားသုံးသူများအနေဖြင့်လည်း မီးဖိုချောင်တွင် မီးငြိမ်းသတ်ပြီးမှနေထိုင်ကြရန်လိုအပ်သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဆွေက နိရဥ္စရာကို ပြောသည်။
“ အဓိက မီးလောင်တာက ပေါ့ဆမီးကြောင့်ပါ။ ဒီမီးကြောင့် ဆုံးရှူံးနစ်နာမှုတွေရှိသလို မသေသင့်ဘဲ သေခဲ့ရသူတွေလည်း ရှိတယ်။ ဒါကြောင့် ထင်းမီးပဲဖြစ်ဖြစ်၊ လျှပ်စစ်မီးပဲဖြစ်ဖြစ် သုံးစွဲသူတွေအနေနဲ့ အထူးဂရု စိုက်သင့်ပါတယ်”ဟုပြောသည်။
မီးလောင်မှုကြောင့်သေဆုံးသွားခဲ့သူမှာ မြောက်ဦးမြို့နယ် နားကန်ကျေးရွာမှ အသက် ၈၉ နှစ်အရွယ် ဒေါ်မစိန်ဖြူဖြစ်သည်။
သူမသည် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နေအိမ်အတွင်းတစ်ဦးတည်းရှိနေစဉ် ဆိုလာမီးမှတဆင့် နေအိမ်အားမီးစွဲလောင်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
ယင်းအပြင် ၂ လအတွင်း မီးလောင်မှုများကြောင့် ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့ပြီး တောင်ကုတ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် မီးလောင်မှုအများဆုံးဖြစ်ခဲ့သည်ဟု သိရသည်။
ယခုကာလသည် ပူပြင်းသောရာသီကိုရောက်လာပြီဖြစ်သည့်အတွက် မီးလောင်လွယ်သည့် ပစ္စည်းများနှင့် လျှပ်စစ်နှင့်ပတ်သက်သည့် ဝါယာကြိုးဟောင်းများကို အထူးဂရုစိုက်ရန်လိုပြီး မီးဘေးဆိုင်ရာအသိပေးနှိုးဆော်ခြင်းများကိုလည်း မကြာခဏ ဆော်သြပေးသင့်သည်ဟု တောင်ကုတ်မြို့မှ စာရေးဆရာ ကိုရက္ခက ပြောသည်။
“မီးလောင်မှုဖြစ်ရင် လောင်တဲ့အိမ်ရော၊ ကူးစက်ခံရတဲ့အိမ်တွေအတွက်ရော လုပ်ကိုင်စားသောက်စရာမရှိတော့လောက်အောင် ဆုံးရှူံးနစ်နာမှုတွေရှိခဲ့ပါတယ်။ ပြီးတော့ ခုလိုပူပြင်းတဲ့ရာသီမှာ မီးလောင်လွယ်တဲ့အတွက် ဆီဆိုင်ကြီးတွေကိုလည်း မြို့အပြင်ဘက်မှာ ထားစေချင်ပါတယ်။ သက်ဆိုင်ရာတွေကလည်း ရပ်ကွက်အတွင်းမှာ မီးဘေးအန္တရာယ်မဖြစ်ရအောင် အသိပေးနှိုးဆော်တာတွေ မကြာခဏလုပ်ပေးသင့်တယ်လို့ထင်ပါတယ်”ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည် ၂ဝ၂၁ ခုနှစ်တွင် မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရရှိသူ ၇ ဦးအထိရှိခဲ့ပြီး ကျပ်သိန်း ၁၂,၀၀၀ ကျော်ခန့်ဖိုး ပျက်စီးဆုံးရှူံးမှုရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ