တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် နှစ်လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇ /၂၀၂၃

ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်၊ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ကျောက်လှပြင်ကျေးရွာတွင် ယနေ့လယ် ၁ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်နှစ်လုံးမှာ ကျောက်လှပြင်ကျေးရွာမှ ဓနိမိုး ဝါးထရံကာ၊ နေအိမ်နှစ်လုံးဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့မီးသတ်ဦးစီးမှူးကို ဆက်သွယ်မေးမြန်းရာ" နေအိမ်ပိုင်ရှင် ဘယ်သူလဲဆိုတာတော့ ကျနော်တို့လည်း ပြောခွင့်မရှိပါဘူး။ မီးလောင်ပျက်စီး သွားတာကတော့ နေအိမ်နှစ်လုံးပါ" ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားရခြင်းမှာ နေအိမ်တွင်လူမရှိသည့်အချိန် ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ထားခဲ့ရာမှ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက် သေဆုံးမှု မရှိသော်လည်းလက်ရှိတွင် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်မီးဘေးဒုက္ခသည်မိသားစုများမှာ နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြ ရကြောင်း သိရသည်။

လက်ရှိအချိန်သည် ဆောင်းရာသီကုန်လွန်၍ နွေရာသီ သို့ ကူးပြောင်းရောက်ရှိတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအနရာယ်ကို အထူးဂရုပြုရန် လိုအပ်လာပြီဖြစ်သည်။ (NN-23)

ဆက်စပ် သတင်းများ