တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေ ဆီတန်းမီးလောင်မှု ဆီဆိုင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ မတ် ၄/၂၀၂၃

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံရပ်ကွက်၊ အမှတ် ၁၂ တပ်ရင်းရှေ့၊ ဆီတန်းရှိ ဆီဆိုင်တစ်ဆိုင်တွင် ယနေ့ မတ်လ ၄ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်က စတင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆီဆိုင်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားနေသည့် ဆီဆိုင်မှာ ဦးအေးကျော် မိသားစုဆီဆိုင်ဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီကျော်ခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်တွင် စစ်တွေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၊ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းနှင့် အနီးအနားမှ ဒေသခံပြည်သူများပူးပေါင်းကာ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 

မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသွားသူမှာ ဦးအေးကျော်ဆီဆိုင်မှ ဝန်ထမ်းဖြစ်သူ ဦးမောင်ခင်လှ အသက် ၄၉ နှစ်ဖြစ်ပြီး ဆီပုံးများဖြည့်နေစဉ် ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆီဆိုင်ထဲတွင် ယနေ့နံနက်က ဆီပုံးများထဲသို့အခြားတစ်ခုမှဆီကို ဖြည့်နေစဉ် ကန်တော်ကြီးဘောင်မှ မီးစ လွင်ပါလာရာကနေ မီးကူး လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း မီးလောင်ရာကိုသွားရောက်ကူညီငြိမ်းသတ်ခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသာဂီဖြိုးက ပြောသည်။

 

"စလို့လောင်တဲ့ဖြစ်စဉ်က ဆီဖြည့်နေတဲ့အချိန် ကန်တော်ကြီးဘောင်က မီးစတစ်ခု စိုင်လာတဲ့အချိန်ကနေ ကူးစက် လောင်သွားတာပါ။ အဲဒီလူကလည်း ဆီဖြည့်နေတဲ့သူပါ။ အဲဒီ မီးစက ဘယ်ကနေ လွင့်ပါလာတယ်ဆိုတာ မပြောနိုင်ပါဘူး" ဟုပြောသည်။

 

မီးလောင်၍လက်နှင့်ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိသွားသော ဆီဆိုင်ဝန်ထမ်းကို စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

အဆိုပါဆီဆိုင်မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို လက်ရှိတွင်မသိရသိဘဲ ဆီပေပါပုံးများသိုလှောင်ထားသည့် ဂိုဒေါင်တစ်ခုလည်း မီးထဲတွင်ပါသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်ကလည်း မြောက်ဦးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လူံးမီးလောင်ကျွမ်းသွားကာ မတ်လ ၃ ရက်ကလည်း ရသေ့တောင်မြို့တွင် မီးလောင်မှုဖြစ်ပွား၍ နေအိမ်လေးလုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

 

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ည ၉ နာရီအချိန်ကလည်း ကျောက်တော်မြို့နယ်၊ မဟာမုမြတ်မုနိ ဘုရားအနီးရှိ ဈေးဆိုင်ခန်း မီးလောင်မှုကြောင့် ဆိုင်ထဲတွင် အိမ်နေသည့် ဆိုင်ပိုင်ရှင်၏သား ကိုမောင်သန်းစိုး အသက်၃၉ နှစ်အရွယ် သေဆုံးသွားခဲ့သည်။ 

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်၊ နေ့လယ်ပိုင်းကလည်း မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၄ လုံးမီးလောင် ပျက်စီးခဲ့သည်။

 

ခြောက်သွေ့ရာသီရောက်လာပြီဖြစ်သဖြင့် ပြည်သူများ က မီးကိုမပေါ့ဆရန်၊ မီးသတိထားကြရန်လိုအပ်လှသလို သက်ဆိုင်ရာ မီးသတ်ဌာနကလည်း သတိပေးမှုများ အစဉ်မပြတ် ပြုလုပ်ရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

(NN-8)

 

ဆက်စပ် သတင်းများ