သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

မောင်တောခရိုင်နှင့် ပလက်ဝမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများကို စစ်ကောင်စီက မူရင်းလစာထက် လစာ၂ဆ ဆက်လက်ခံစားခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ ဘူးသီးတောင်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နကြသည့် နိုင်ငံဝန်ထမ်းများကို ဒေသအခြေအနေအရ မူရင်းလစာထက် လစာ (၂) ဆခံစားခွင့်ကို အထူးကိစ္စ တစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုသည်ဟု စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ နေ့စွဲဖြင့် စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ၀င်းရှိန်က လက်မှတ်ထိုးထားသည့် အမိန့်စာကို နိုဝင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာထက် လစာ (၂) ဆခံစားခွင့်ကို အထူးကိစ္စ တစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုသည်ဟုလည်း ဖော်ပြထားသည်။

အလားတူ အဆိုပါဒေသအတွင်းရှိ နေ့စားအလုပ်သမားများကိုလည်း လက်ရှိဒေသအခြေအနေအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အတွက် တစ်ရက်လုပ်အားခကို ကျပ်ငွေ ၆၅၀၀ နှုန်းဖြင့် အထူးကိစ္စတစ်ရပ်အနေဖြင့် ခံစားခွင့်ပြုသည်ဟုလည်း ဖော်ပြထားသည်။

လစာ ၂ ဆ ခံစားခွင့်ပြုသည်မှာ အများအမြင်တွင်ကောင်းသော်လည်း ဒေသတွင်း ကုန်စျေးနှုန်း အလွန်တရာမြင့်မားနေမှုကြောင့် အဆင်မပြေကြဟု မောင်တောမြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

“လစာ ၂ ဆနဲ့ အဆင်မပြေဘူးလို့ ပြောရင်အများအမြင်မှာ တမျိုးဖြစ်နေဦးမယ်။ အမှန်ကတော့ ဒီဘက်မှာ ကုန်စျေးနှုန်းနဲ့ အဆင်မပြေကြဘူး။ ကုန်စျေးနှုန်းက သိပ်မြင့်နေတာကို အများစုက အဆင်မပြေကြဘူး”ဟု ပြောသည်။

ထို့အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံဝန်ထမ်းများကိုလည်း အဆိုပါ ဒေသအခြေအနေအရ မူးရင်းလစာ၏ (၂)ဆကို ခံစားခွင့်ပြုသည်ဟုလည်း ဖော်ပြထားသည်။

မောင်တောခရိုင်မှာ ရခိုင်ပြည်အနောက်ဘက် နယ်စပ်ဒေသဖြစ်ပြီး ကုန်စျေးနှုန်းများမှာလည်း ရခိုင်ပြည်မှ တခြား ဒေသများထက် မြင့်တက်သည့် ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် ၂၀၁၇ ခုနှစ်က ပဋိပက္ခများဖြစ်ပွားပြီးနောက် ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလမှစကာ သုံးလတစ်ကြိမ်စီ ဘူးသီးတောင်၊ မောင်တောနှင့် ပလက်ဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများကို မူရင်းလစာထက် လစာ (၂)ဆ ခံစားခွင့် ပြုလာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း ၀န်ထမ်းများ စားဝတ်နေရေး ချောင်လည်လည်မှုရှိရန်ဟုဆိုကာ စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက် နိုင်ငံဝန်ထမ်းအားလုံးကို တရက် ကျပ်ငွေ ၁၀၀၀ နှုန်းဖြင့် တစ်လ ၃၀၀၀၀ ကျပ် ခံစားခွင့်ပြုခဲ့သည်။ (NN-14)

ဆက်စပ် သတင်းများ